Africa & Middle East
ဆီရာလီယွန်နိုင်ငံ သမ္မတသစ်အဖြစ် Julius Maada Bio ကကျမ်းသစ္စာကျိန်ဆို

ဖရီးတောင်း၊ ဧပြီ ၅ ရက် (ဆင်ဟွာ)
အတိုက်အခံ လွှတ်တော်ကိုယ်စားလှယ်နှင့် စစ်အစိုးရ ခေါင်းဆောင်ဟောင်း ဆီရာလီယွန် ပြည်သူ့ပါတီ (SLPP) Julius Maada Bio သည် ဆီရာလီယွန်နိုင်ငံ သမ္မတသစ်အဖြစ် ဧပြီလ ၅ ရက်ညပိုင်းက ကျမ်းသစ္စာကျိန်ဆိုခဲ့ကြောင်း သိရသည်။
ဆီရာလီယွန်နိုင်ငံ၏ ၁၉၉၁ ခုနှစ် အခြေခံဥပဒေအရ ရွေးကောက်ပွဲ အနိုင်ရသူအား အမျိုးသား ရွေးကောက်ပွဲကော်မရှင်က ကြေညာပြီးပြီးချင်း သမ္မတအဖြစ် ရွေးချယ်ခံရသူက ကျမ်းကျိန်ရခြင်း ဖြစ်သည်။
“ဒီနေ့ဟာ နိုင်ငံအတွက် နေ့သစ်တစ်ခု ဖြစ်ပါတယ်” ဟု ကျမ်းသစ္စာကျိန်ဆိုခြင်း အခမ်းအနား၌ Maada Bio က ပြောကြားခဲ့သည်။
Maada Bio သည် ဆန္ဒမဲ ၂.၅ သန်းကျော် ရေတွက်ပြီးချိန်တွင် ၎င်း၏ အဓိကပြိုင်ဘက် အာဏာရပါတီ All People’s Congress (APC) မှ Samura Kamara အား ၅၁.၈၁ ရာခိုင်နှုန်းဖြင့် ပွတ်ကာသီကာ အနိုင်ရရှိခဲ့သည်။
အသက် ၅၃ နှစ်အရွယ် Maada Bio သည် ၁၉၉၆ ခုနှစ်တွင် ဆီရာလီယွန်နိုင်ငံ ယာယီ အမျိုးသား အာဏာရကောင်စီလက်အောက်၌ စစ်တပ် ခေါင်းဆောင်ဖြစ်ခဲ့သည်။ ၎င်းသည် ၂၀၁၂ ခုနှစ်က SLPP ကိုယ်စားလောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ထိုအချိန်က ၎င်း၏ ပြိုင်ဘက် APC ပါတီမှ Ernest Bai Koroma အား ရှုံးနိမ့်ခဲ့ကြောင်း သိရသည်။ (Xinhua)