Asia
တောင်ကိုရီးယား နိုင်ငံ သမ္မတ အထူး ကိုယ်စားလှယ် အဖွဲ့ က မြောက်ကိုရီးယား နိုင်ငံ သို့ သွားရောက် လည်ပတ် မည် ဖြစ်ကြောင်း ထုတ်ပြန် ကြေညာ
ဆိုးလ် ၊ မတ် ၄ ရက် (ဆင်ဟွာ)
တောင်ကိုရီးယား နိုင်ငံ သမ္မတ အိမ်တော် (အိမ်ပြာတော်) က တောင်ကိုရီးယား နိုင်ငံ သမ္မတ မွန်ဂျေအင် ၏ အထူးကိုယ်စားလှယ် အဖွဲ့သည် မတ်လ ၅ ရက်နေ့ မှ စတင်၍ မြောက်ကိုရီးယား နိုင်ငံ သို့ ၂ ရက်ကြာ လည်ပတ်ရေး ခရီးသွားရောက် မည် ဖြစ်ကြောင်း မတ်လ ၄ ရက်နေ့၌ ထုတ်ပြန် ကြေညာ ခဲ့သည်။
တောင်ကိုရီးယား သမ္မတ အိမ်တော် ပြည်သူ့ဆက်ဆံရေး ဌာန အတွင်းရေးမှူး Yoon Young-chan က အထူးကိုယ်စားလှယ် အဖွဲ့ ခေါင်းဆောင် မှာ သမ္မတ အိမ်တော် အမျိုးသား လုံခြုံရေး ဌာန ဌာနမှူး ဖြစ်ပြီး အဖွဲ့ဝင် များမှာ အမျိုးသား သတင်းအချက်အလက် ဌာန ဒါရိုက်တာ နှင့် ပြန်လည်ပေါင်းစည်းရေး ဌာန ဒုတိယ ဝန်ကြီး စသည့် အဖွဲ့ဝင် ၅ ဦး ပါဝင် သည့် အထူး ကိုယ်စားလှယ် အဖွဲ့ ဖြစ်ကြောင်း ၊ အထူး ကိုယ်စားလှယ် အဖွဲ့ အနေဖြင့် မြောက်ကိုရီးယား နိုင်ငံ သို့ ရောက်ရှိချိန်တွင် အဆင့်မြင့် အရာရှိ များနှင့် ကိုရီးယား ကျွန်းဆွယ် ငြိမ်းချမ်းရေး ၊ တောင်-မြောက် ကိုရီးယား ဆက်ဆံရေး တိုးတက်ကောင်မွန်ရေး တို့အတွက် ဆွေးနွေးမှု များ ဆောင်ရွက်သွား မည် ဖြစ်ကြောင်း ၊ အထူးသဖြင့် ကိုရီးယား ကျွန်းဆွယ် နျူကလီးယား ကင်းစင်ရေး အတွက် မြောက်ကိုရီးယား-အမေရိကန် ဆွေးနွေးပွဲ ဖြစ်မြောက်ရန် အတွက် ဖန်တီးဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၊ တောင်-မြောက် ကိုရီးယား ဖလှယ်မှု များ တွန်းအားပေး ဆောင်ရွက်ရန် အတွက် လည်း ဘက်စုံ ဆွေးနွေးမှု များဆောင်ရွက် သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။
တောင်ကိုရီးယား နိုင်ငံ သမ္မတ မွန်ဂျေအင် က မတ်လ ၁ ရက်နေ့ ၌ အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် နှင့် ဖုန်းဖြင့် ဆက်သွယ်ပြောကြားခဲ့ရာတွင် တောင်ကိုရီးယား နိုင်ငံ အနေဖြင့် လတ်တလော ကာလ အတွင်း အထူး ကိုယ်စားလှယ် အဖွဲ့ အား မြောက်ကိုရီးယား နိုင်ငံ သို့ စေလွှတ်မည် ဖြစ်ကြောင်း ပြောကြား ခဲ့သည် ဟု သိရှိရသည်။(Xinhua)