Connect with us

Asia

ပါကစ္စတန်နိုင်ငံ တောင်ပိုင်းတွင် ခရီးသည်တင် အဝေးပြေးကား တိမ်းမှောက်မှုကြောင့် လူ ၈ ဦး သေဆုံး၊ ၄၄ ဦး ဒဏ်ရာရ

ပါကစ္စတန်နိုင်ငံတွင် ခရီးသည်တင်ဘတ်စ်ကားတစ်စီး လမ်းနံဘေး တိမ်းမှောက်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

အစ္စလာမ်မာဘတ်၊ ဧပြီ ၁၉ ရက် (ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံ တောင်ပိုင်း ဆင်းပြည်နယ်တွင် ဧပြီလ ၁၉ ရက် နံနက်ပိုင်းက ခရီးသည်တင် အဝေးပြေးကားတစ်စီး တိမ်းမှောက်ခဲ့ခြင်းကြောင့် လူ ၈ ဦးထက်မနည်းသေဆုံးကာ ၄၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံ Urdu TV ချန်နယ်အရ သိရသည်။

ခရီးသည်တင်ဘတ်စ်ကားမှာ အရှိန်လွန်မောင်းနှင်လာခြင်းကြောင့် ဆင်းပြည်နယ် ဘတ်ဒင်ခရိုင် မော်ဂျာနယ်မြေတွင် တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း သတင်းများအရ သိရသည်။

အဆိုပါ ဘတ်စ်ကားသည် ဆင်းပြည်နယ် အစ်လမ်ကော့မြို့မှ ပြည်နယ်မြို့တော် ကရာချိသို့ ဦးတည်သွားနေခြင်း ဖြစ်သည်။

ယာဉ်တိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းရရှိပြီးနောက် ရဲတပ်ဖွဲ့ဝင်များနှင့် ကယ်ဆယ်ရေးအဖွဲ့များမှာ အခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိခဲ့ကြပြီး သေဆုံးသူများနှင့် ဒဏ်ရာရသူများအား ခရိုင်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း၊ ဒဏ်ရာရသူများအနက် အနည်းဆုံး ၁၀ ဦးခန့်မှာ စိုးရိမ်ဖွယ် အခြေအနေတွင် ရှိကြောင်း သိရသည်။

ဧပြီလ ၁၆ ရက် အစောပိုင်းကလည်း နိုင်ငံ အနောက်တောင်ပိုင်း ဘာလိုချစ္စတန်ပြည်နယ် မတ်စ်တန်ခရိုင်ရှိ အဝေးပြေးလမ်းမပေါ်တွင် ခရီးသည်တင် ဗင်ကားနှင့် ထရပ်ကားတို့ တိုက်မိခဲ့ရာ အမျိုးသမီးများနှင့် ကလေးများ အပါအဝင် အနည်းဆုံး လူ ၁၄ ဦး သေဆုံးမှု ဖြစ်ပွားခဲ့သေးသည်။

ပါကစ္စတန်နိုင်ငံတွင် ၂၀၁၁ ခုနှစ်ကစ၍ နှစ်စဉ် ယာဉ်တိုက်မှု ၉,၀၀၀ ခန့်ဖြစ်ပွားကာ ပျမ်းမျှ လူ ၄,၅၀၀ ကျော် သေဆုံးခဲ့ကြောင်း ပါကစ္စတန်နိုင်ငံ စာရင်းအင်းဗျူရိုမှ ထုတ်ပြန်သည့် တရားဝင် အချက်အလက်အရ သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.