Asia
ဖိလစ်ပိုင်နိုင်ငံတွင် စူပါတိုင်ဖွန်းမုန်တိုင်းကြောင့် လူ ၃ ဦးသေဆုံး၊ ၄ ဦး ဒဏ်ရာရ

မနီလာ၊ စက်တင်ဘာ ၁၅ ရက် (ဆင်ဟွာ)
ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်းတွင် စက်တင်ဘာလ ၁၅ ရက်အစောပိုင်းက စူပါတိုင်ဖွန်းမုန်တိုင်း မန်ကွတ် (Mangkhut) တိုက်ခတ်မှုကြောင့် လူ ၃ ဦးထက်မနည်း သေဆုံးပြီး အခြားသူ ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သဘာဝဘေးဆိုင်ရာ တာဝန်ရှိသူများက စက်တင်ဘာလ ၁၅ ရက် နေ့လယ်ပိုင်းက ပြောကြားခဲ့သည်။
လူဇုံကျွန်း ကော်ဒီလ်လီရာ အုပ်ချုပ်မှုဆိုင်ရာဒေသတွင် မြေပြိုကျမှုတစ်ခု၌ နှစ်ဦးသေဆုံးပြီး အခြားမိန်းကလေးတစ်ဦးမှာ Metro Manila မြို့ရှိ Marikina မြစ်အတွင်း ရေနစ်မြုပ်ကာ သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း ဖိလစ်ပိုင်နိုင်ငံ အမျိုးသား သဘာဝဘေးအန္တရာယ် လျော့ပါးရေးနှင့် စီမံခန့်ခွဲမှုကောင်စီ (NDRRMC) က ပြောကြားခဲ့သည်။
ထို့ပြင် လူ ၄ ဦးလည်း ဒဏ်ရာရရှိခဲ့ကြောင်း NDRRMC က ပြောခဲ့သည်။
NDRRMC အဆိုအရ ကော်ဒီလ်လီရာဒေသတွင် မြေပြိုကျမှု ၄၀ ကျော်ဖြစ်ပွားခဲ့ပြီး ယင်းနေရာရှိ လမ်းများအား ရှင်းလင်းရန် အစိုးရက ကြိုးစားနေကြောင်း သိရသည်။
မန်ကွတ် တိုင်ဖွန်းမုန်တိုင်းသည် စက်တင်ဘာလ ၁၅ ရက် ဒေသစံတော်ချိန် နံနက် ၁း၄၀ နာရီက ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်းသို့ စတင်ဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး စက်တင်ဘာလ ၁၅ ရက် နေ့လယ်ပိုင်းတွင် ကုန်းတွင်းပိုင်းမှ ထွက်ခွာမည်ဟု မျှော်လင့်ထားကြောင်း သိရသည်။ (Xinhua)