Asia
အင်ဒိုနီးရှားနိုင်ငံတွင် အင်အားပြင်းငလျင် လှုပ်ခတ်၊ ဆူနာမီ သတိပေးချက် ထုတ်ပြန်ခြင်းမရှိ

ဂျာကာတာ၊ ဇွန် ၂ ရက် (ဆင်ဟွာ)
အင်ဒိုနီးရှားနိုင်ငံ အနောက်ပိုင်း အနောက်ဆူမတြား ပြည်နယ်တွင် ဇွန်လ ၂ ရက် အစောပိုင်းက အင်အား ၆.၅ အဆင့်ရှိ အင်အားပြင်း ငလျင် တစ်ခု လှုပ်ခတ်ခဲ့ပြီး ဆူနာမီ သတိပေးချက် ထုတ်ပြန်ခြင်း မရှိကြောင်း အင်ဒိုနီးရှား နိုင်ငံ မိုးလေဝသနှင့် ဇလဗေဒ ဦးစီးဋ္ဌာန ကပြောကြားခဲ့သည်။
အမေရိကန် ငလျင် တိုင်းတာရေး စခန်း USGS ကမူ အင်အား ၅.၂ ရစ်ချ်တာ စကေး ရှိကြောင်း ထုတ်ပြန်ခဲ့သည်။
အဆိုပါ ငလျင်သည် ဇွန်လ ၂ ရက် ဒေသ စံတော်ချိန် နံနက် ၅း၅၆ နာရီ (ဇွန်လ ၁ ရက် ဂရင်းနစ် စံတော်ချိန် ၂၂၅၆ GMT) တွင် Pesisr Selatan ပြည်နယ် အနောက်တောင်ဘက် ၇၉ ကီလိုမီတာ အကွာ ပင်လယ်ကြမ်းပြင် အောက် အနက် ၇ ကီလိုမီတာကို ဗဟို ပြု၍ လှုပ်ခတ်ခဲ့ကြောင်း တာဝန်ရှိသူများက ဆင်ဟွာသို့ ဖုန်းဖြင့်ဖြေကြားခဲ့သည်။
အနောက် ဆူမတြား ပြည်နယ်တွင် ၂၀၀၉ ခုနှစ်က လှုပ်ခတ်ခဲ့သော အင်အား ၇.၆ အဆင့်ရှိ ငလျင်ကြောင့် လူ ၁,၀၀၀ ကျော် သေဆုံးခဲ့ကြောင်း သိရသည်။
အင်ဒိုနီးရှား နိုင်ငံသည် “The Pacific Ring of Fire” ဟုခေါ်သော ငလျင်ကြောတွင် ကျရောက်နေသည့် အတွက် ငလျင်များ မကြာခဏ လှုပ်ခတ်တတ်ကြောင်း သိရသည်။ (Xinhua)