Asia
အိန္ဒိယနိုင်ငံပိုင် ကပ္ပလီကျွန်းနှင့် နီကိုဘာကျွန်းများတွင် ငလျင် နှစ်ခု လှုပ်ခတ်ခဲ့
နယူးဒေလီ၊ အောက်တိုဘာ၂ ရက် (ဆင်ဟွာ)
အိန္ဒိယနိုင်ငံ အရှေ့တောင်ပိုင်းရှိ ကပ္ပလီကျွန်းနှင့် နီကိုဘာကျွန်းများတွင် အောက်တိုဘာလ ၁ ရက် ညပိုင်းက အင်အား အသင့်အတင့်ရှိသော ငလျင် နှစ်ခု လှုပ်ခတ်ခဲ့ကြောင်း တာဝန်ရှိသူများက အောက်တိုဘာလ ၂ ရက်တွင် ပြောကြားလိုက်သည်။
သို့သော်လည်း ငလျင်ကြောင့် လူသေဆုံးမှု သို့မဟုတ် ပျက်စီး ဆုံးရှုံးမှုများနှင့် ပတ်သက်၍ သတင်းများ မရရှိသေးပေ။
“ကျွန်းတွေမှာ လှုပ်ခတ်ခဲ့တဲ့ ပထမဆုံး ငလျင်က အင်အား ၄.၇ ရှိပြီး ဒုတိယက အင်အား ၄.၅ ရှိပါတယ်။ အဲဒီ ငလျင် နှစ်ခုက နှစ်နာရီအတွင်းမှာ လှုပ်ခတ်ခဲ့တာပါ” ဟု မိုးလေဝသပညာရှင် အရာရှိ တစ်ဦးက ပြောသည်။
ငလျင် နှစ်ခုလုံး၏ ဗဟိုချက်မှာ ကပ္ပလီပင်လယ် ကျွန်းများဒေသတွင် တည်ရှိပြီး ငလျင်အနက်မှာ ၁၀ ကီလိုမီတာ ဖြစ်ကြောင်း မြေငလျင်ဆိုင်ရာ အမျိုးသားစင်တာက ပြောကြားခဲ့သည်။
ကပ္ပလီကျွန်းနှင့် နီကိုဘာကျွန်းများသည် အိန္ဒိယနိုင်ငံ ဗဟို အစိုးရက ထိန်းချုပ်ထားသော နယ်မြေ ၇ ခုအနက် တစ်ခု ဖြစ်ပြီး ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ်တို့ ဆုံရာကျွန်းစု တစ်ခု ဖြစ်သည်။
ယင်း နယ်မြေသည် အင်ဒိုနီးရှားနိုင်ငံ Aceh စီရင်စု၏ မြောက်ဘက် ၁၅၀ ကီလိုမီတာအကွာတွင်ရှိပြီး ထိုင်းနိုင်ငံ နှင့် မြန်မာနိုင်ငံအကြား ကပ္ပလီပင်လယ်မှ ပိုင်းခြားထားသည့် နေရာလည်း ဖြစ်သည်။ ယင်း နယ်မြေအား ကပ္ပလီပင်လယ် ကျွန်းစုများနှင့် Nicobar ကျွန်းစုများဟူ၍ ကျွန်းစု နှစ်စုဖြင့် ဖွဲ့စည်းထားကြောင်း ဖြစ်သည်။
ကပ္ပလီပင်လယ် ကျွန်းစုများနှင့် Nicobar ကျွန်းစုများသည် ငလျင်ဇုန်အတွင်း ကျရောက်နေပြီး မကြာခဏ ငလျင်များ လှုပ်လေ့ရှိကြောင်း သိရသည်။ (Xinhua)