Asia
ပါကစ္စတန်နိုင်ငံ ပက်ရှ်ဝါမြို့ရှိဟိုတယ်တစ်ခုတွင် ပေါက်ကွဲမှု ဖြစ်ပွား၊ လူ ၅ ဦး သေဆုံး
အစ္စလာမ်မာဘတ်၊ မေ ၁၁ ရက် (ဆင်ဟွာ)
ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်းရှိ ပက်ရှ်ဝါမြို့ရှိ ဟိုတယ်တစ်ခုတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၅ ဦးသေဆုံးပြီး အခြားသူ ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
ပက်ရှ်ဝါမြို့ ရဲတပ်ဖွဲ့ အကြီးအကဲ Qazi Jamilur Rehman က Bilal ဧရိယာရှိ ဟိုတယ်မှ အခန်းတစ်ခန်း၌ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး မိသားစုဝင် ၅ ဦး သေဆုံးသွားခဲ့ကြောင်း အတည်ပြုပြောကြားခဲ့သည်။
ပေါက်ကွဲမှု ဖြစ်ပွားရာသို့ မီးသတ်သမားများ ရောက်ရှိကာ အခြားအထပ်များသို့ မီးကူးစက်ခြင်းမရှိအောင် ငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။ ဟိုတယ်အတွင်းရှိ အခြားအထပ်များမှ ဧည့်သည်များကိုလည်း ရွှေ့ပြောင်းပေးခဲ့ရကြောင်း၊ သေဆုံးသူများနှင့် ဒဏ်ရာရသူများအား ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရကြောင်း၊ ဟိုတယ်ရှိ ကားများလည်း ပျက်စီးခဲ့ရကြောင်း သိရသည်။
ရဲတပ်ဖွဲ့ ဗုံးရှင်းလင်းရေးအဖွဲ့အား ခေါ်ယူကာ ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် ဟိုတယ် လေးလွှာကို သေချာစိစစ်ခဲ့ကြောင်း သိရသည်။ ဗုံးရှင်းလင်းရေးအဖွဲ့၏ ကနဦး တွေ့ရှိမှုများအရ ဓာတ်ငွေ့ယိုစိမ့်မှုကြောင့် ပေါက်ကွဲမှု ဖြစ်ပွားရခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)