Europe
တူရကီနိုင်ငံ အနောက်ပိုင်းတွင် တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများလိုက်ပါလာသည့် ရေယာဉ်နစ်မြုပ်မှုကြောင့် လူ ၅ ဦး သေဆုံးပြီး ၅ ဦး ပျောက်ဆုံးနေ
အစ္စတန်ဘူလ် ၊ နိုဝင်ဘာ ၁၃ ရက်(ဆင်ဟွာ)
တရားမဝင်ရွှေ့ပြောင်းနေထိုင်သူ ၁၅ ဦး တင်ဆောင်လာသည့် ရေယာဉ်သည် နိုဝင်ဘာ ၁၂ ရက်က တူရကီနိုင်ငံ အနောက်ပိုင်း အေဂျင်ပင်လယ်ပြင်တွင် နစ်မြုပ်ခဲ့ရာ လူ ၅ ဦးသေဆုံးပြီး ၅ ဦး ပျောက်ဆုံး နေကြောင်း တူရကီနိုင်ငံ ကမ်းခြေစောင့် တပ်ဖွဲ့က နိုဝင်ဘာ ၁၂ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့ သည်။
ရေယာဉ်နစ်မြုပ်ပြီးနောက် လူ ၂ ဦးက တူရကီနိုင်ငံ Izmirပြည်နယ် Dikiliဒေသ ကမ်းပေါ်သို့ တက်လာပြီး အကြောင်းကြားခဲ့ကြောင်း ၊ တူရကီကယ်ဆယ်ရေးသမားများက အချင်းဖြစ်ပွားရာ နေရာသို့သွားရောက်၍ ရှာဖွေကယ်ဆယ်မှုများပြုလုပ်ခဲ့ရာ လူ၃ ဦးကို ကယ်ဆယ်နိုင်ခဲ့ပြီး သေဆုံးသူရုပ်အလောင်း ၅ ခု ကို တွေ့ရှိရကြောင်း ၊ သေဆုံးသူများတွင် ကလေးငယ် ၃ ဦး ပါဝင်ကြောင်း ၊လက်ရှိတွင် ပျောက်ဆုံးနေသူ ၅ ဦးကို ဆက်လက်ရှာဖွေမှုများ ပြုလုပ်နေကြောင်း သိရသည်။
ရွှေ့ပြောင်းနေထိုင်သူ ၁၅ ဦးတွင် ၁၄ ဦးသည် အာဖဂန်နစ္စတန်မှဖြစ်ပြီး ၁ ဦးမှာ အီရန်မှဖြစ်ကြောင်း ကနဦးစုံစမ်းမှုများအရသိရသည်။
အေဂျင်ပင်လယ်သည် တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများ တူရကီကို ဖြတ်၍ ဥရောပတိုက်သို့ သွားရောက်ရာ အဓိကလမ်းကြောင်း ဖြစ်သည်။ ၂၀၁၆ ခုနှစ် မတ်လတွင် တူရကီနှင့် ဥရောပသမဂ္ဂ အကြား ဒုက္ခသည်များအရေးဆိုင်ရာ သဘောတူညီမှုရရှိခဲ့သည်။ တူရကီနိုင်ငံက ထိန်းချုပ်မှုများ တိုးမြှင့်ဆောင်ရွက်ခဲ့သောကြောင့် အေဂျင်ပင်လယ်ကို ဖြတ်၍သွားလာသော တရားမဝင်ရွှေ့ပြောင်း နေထိုင်သူဦးရေ သိသိသာသာ လျော့နည်းသွားခဲ့သော်လည်း ယခုနှစ်တွင် တဖြေးဖြေး ပြန်များလာ ကြောင်း သိရသည်။ (Xinhua)