Europe
အီတလီနိုင်ငံ ရောမမြို့အနီးတွင် ဆီတင်ယာဉ်နှင့်ဆီဆိုင်ပေါက်ကွဲမှုကြောင့် လူ ၂ ဦး သေဆုံးပြီး ၁၇ ဦး ဒဏ်ရာရ
ရောမ ၊ ဒီဇင်ဘာ ၆ ရက်(ဆင်ဟွာ)
အီတလီနိုင်ငံ ရောမမြို့ အနီးတွင် ဆီတင်ယာဉ်နှင့် ဆီဆိုင်ပေါက်ကွဲမှု ဒီဇင်ဘာ ၅ ရက် မွန်းလွဲပိုင်းက ဖြစ်ပွားရာ လူ ၂ ဦးသေဆုံးပြီး ၁၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အချင်းဖြစ်ရပ်မှာ ရောမမြို့မြောက်ဘက် ရှိ Fara in Sabinaမြို့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ၊ ဆီတင်ယာဉ်တစ်စီးသည် ဆီဆိုင်တွင် ဆီချနေစဉ် မီးလောင်ပေါက်ကွဲမှုဖြစ်ပွားရာမှတစ်ဆင့် ဆီဆိုင် လည်း ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ လူ ၂ ဦးသေဆုံးပြီး ၁၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ၊ ဒဏ်ရာရသူများ အနက် ၆ ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း ANSA သတင်းအေဂျင်စီ၏ သတင်းများအရ သိရသည်။
သေဆုံးသူများတွင် ကူညီကယ်ဆယ်သူ မီးသတ်ဝန်ထမ်းတစ်ဦးပါဝင်ကြောင်း ၊ ဆီတင်ယာဉ် မီးလောင်ပေါက်ကွဲမှုဖြစ်ပွားသည့်အခါ မီးသတ်ဝန်ထမ်းများက ချက်ချင်း မီးငြိမ်းသတ်ကယ်ဆယ်မှုများ ပြုလုပ်ခဲ့သော်လည်း ဆီဆိုင်ပါပေါက်ကွဲမှုဖြစ်ပွားသောကြောင့် ၎င်း နေရာတွင် ရှိသော လူအချို့ ဒဏ်ရာရရှိခဲ့ရခြင်းဖြစ်သည်ဟု ဒေသခံ ရဲဘက်ဆိုင်ရာတာဝန်ရှိသူတစ်ဦးက ဆိုသည်။
အချင်းဖြစ်နေရာတွင် မီးခိုးအလိပ်လိပ်နှင့် မီးလောင်ပေါက်ကွဲမှုကြောင့် ပျက်စီးတိမ်းမှောက်သွားသည့် ဆီတင်ယာဉ်ကို အီတလီမီဒီယာများ၏ ဗီဒီယိုထုတ်လွှတ်မှုများမှတစ်ဆင့်တွေ့ရသည်။ “ပေါက်ကွဲမှုက မြေငလျင်ကြီး လှုပ်လိုက်သလိုပဲ”ဟု ဒေသခံတစ်ဦးက ဆိုသည်။
အချင်းဖြစ်ပွားသည့် အကြောင်းရင်းကို အတိအကျမသိရသေးကြောင်း ၊ ရဲဘက်ဆိုင်ရာက စုံစမ်းစစ်ဆေးမှုများပြုလုပ်နေကြောင်း သိရသည်။ (Xinhua)