Europe
ဥရောပသမဂ္ဂမှ နုတ်ထွက်ရန် ဗြိတိန်နှင့် ဥရောပသမဂ္ဂတို့အကြား သဘောတူညီမှုရရှိ
လန်ဒန် ၊ နိုဝင်ဘာ ၁၄ ရက်(ဆင်ဟွာ)
ဥရောပသမဂ္ဂမှ နုတ်ထွက်ရန် ဗြိတိန်နှင့် ဥရောပသမဂ္ဂတို့အကြား နိုဝင်ဘာ ၁၃ ရက်တွင် သဘောတူညီမှု ရရှိခဲ့ကြောင်း သိရသည်။ ၎င်းမှာ ဗြိတိန် ဥရောပသမဂ္ဂမှ နုတ်ထွက်ရန် ညှိနှိုင်းလာ သည့် တစ် နှစ်ကျော် ကာလ တွင် ထူးခြားသည့်ပြောင်းလဲမှုတစ်ခုဖြစ်သည်ဟု သုံးသပ်သူအချို့က ဆိုသည်။
ဥရောပသမဂ္ဂမှနုတ်ထွက်ရန် ဗြိတိန်နှင့် ဥရောပသမဂ္ဂအကြား ခက်ခက်ခဲခဲဆွေးနွေးခဲ့ရာ သဘောတူညီချက် ရရှိခဲ့ကြောင်း ၊သို့သော်လည်း သဘောတူညီချက်ပါအကြောင်းအရာများကို လက်ရှိတွင် ထုတ်ပြန်ကြေညာမည်မဟုတ်ကြောင်း ဗြိတိန်ဝန်ကြီးချုပ်ရုံး ပြန်ကြားရေးအရာရှိတစ်ဦး ဆင်ဟွာကို ပြောကြားခဲ့သည်။
ဗြိတိန် ဝန်ကြီးချုပ် ထရီဇာမေသည် သဘောတူညီချက်ပါအကြောင်းအရာများကို ဆွေးနွေးရန်နှင့် နောက်တစ်ဆင့် စီစဉ်ဆောင်ရွက်နိုင်ရန် နိုဝင်ဘာ ၁၄ ရက် ညနေပိုင်းတွင် ဝန်ကြီးအဖွဲ့အစည်းအဝေး ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
သက်ဆိုင်ရာ ဥပဒေစည်းမျဉ်းများအရ ဥရောပသမဂ္ဂမှနုတ်ထွက်ရန် သဘောတူညီမှုစာချုပ်ကို လက်မှတ်ရေးထိုးခြင်းမပြုမီ ဗြိတိန်လွှတ်တော်နှင့် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၏ သဘောတူညီမှုရရှိရန်လိုအပ်သည်။ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီးဟောင်း၊ ကွန်ဆာဗေးတစ်ပါတီ အောက်လွှတ်တော်အမတ် ဘောရစ် ဂျွန်ဆင် (Boris Johnson)က နိုဝင်ဘာ ၁၃ ရက်နေ့တွင် အဆိုပါသဘောတူညီချက်သည် ဗြိတိန်ကို ဥရောပသမဂ္ဂ၏ သြဇာအရိပ်ခံ နိုင်ငံ ဖြစ်စေနိုင်သည်ဟု ဆိုကာ လွှတ်တော်တွင် ကန့်ကွပ်မဲပေးခဲ့သည်။
လက်ရှိ ဗြိတိန်တွင် ဥရောပသမဂ္ဂမှ နုတ်ထွက်ရန် သဘောတူညီချက်ပါအကြောင်းအရာထဲမှ အိုင်ယာလန် နယ်စပ်ကိစ္စကို အထူးပင် အာရုံစိုက်နေကြကြောင်း သိရသည်။ ဥရောပသမဂ္ဂမှ နုတ်ထွက်ရေး ဆွေးနွေးမှုသည် ၉၅ ရာခိုင်နှုန်းပြီးသွားပြီဖြစ်ပြီး အိုင်ယာလန် နယ်စပ်ကိစ္စသာ ကျန်တော့ကြောင်း ဗြိတိန်ဝန်ကြီးချုပ်က လွန်ခဲ့သောလတွင် ပြောကြားခဲ့သည်။
ဗြိတိန်သည် ဥရောပသမဂ္ဂမှ နုတ်ထွက်ရန် ၂၀၁၆ ခုနှစ်တွင် ပြည်သူ့ဆန္ဒ ခံယူပွဲကျင်းပခဲ့ပြီး ၂၀၁၇ ခုနှစ် မတ်လ ၂၉ ရက်တွင် ဥရောပသမဂ္ဂထံသို့ နုတ်ထွက်စာတရားဝင်ပေးပို့ခဲ့သည်။ လက်ရှိ နှစ်ဖက်သဘောတူညီအရ ဗြိတိန်သည် လာမည့်နှစ် မတ်လ ၂၉ ရက်တွင် ဥရောပသမဂ္ဂမှ နုတ်ထွက်မည် ဖြစ်သည်။ (Xinhua)