Connect with us

Latin America

ကိုပါဖလားဗိုလ်လုပွဲတွင် အာဂျင်တီးနားအသင်းအား ကမ္ဘာ့ဖလားပြိုင်ပွဲအလား သဘောထား ရင်ဆိုင်သွားမည်ဟု ချီလီ ပြော

ကိုပါအမေရိကဖလား အုပ်စုပွဲစဉ်တွင် အာဂျင်တီးနား(အဖြူ)နှင့် ချီလီ( အနီ)တို့ယှဉ်ပြိုင်နေကြစဉ် (ဆင်ဟွာ)

ဆန်တီယေဂို ၊ ဇွန် ၂၆ ရက်(ဆင်ဟွာ)

ချီလီဘောလုံးအကျော်အမော အာတာရိုဗီဒဲလ်(Arturo Vidal) က ၎င်းတို့အသင်းသည် ဇွန် ၂၆ ရက် ( အမေရိကန်စံတော်ချိန်) တွင် အာဂျင်တီနားအသင်း နှင့် ယှဉ်ပြိုင်ကစားရမည့် ကိုပါအမေရိကဖလားဗိုလ်လုပွဲကို ကမ္ဘာ့ဖလားဗိုလ်လုပွဲကဲ့သို့သဘောထားပြီး အလေးအနက်ထား ယှဉ်ပြိုင်ကစားသွားမည်ဟု ချီလီနေ့စဉ် သတင်းစာတစ်စောင်ဖြစ်သည့် Las Ultimas Noticias နှင့်တွေ့ဆုံစဉ်ပြောကြားလိုက်သည်။

အဆိုပါ ချီလီကွင်းလယ်ကစားသမားက ပြိုင်ဖက် နှစ်သင်းစလုံးသည် ခြေမျှနေ၍ ဗိုလ်လုပွဲသည် ဘောလုံးရသ အကောင်းဆုံးပေးစွမ်းနိုင်မည့် ပွဲစဉ်တစ်ခုဖြစ်လာနိုင်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
“ သူတို့ဟာ အရမ်းတော်ကြပါတယ်။ သူတို့မှာကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားတွေ ပိုင်ဆိုင်ထားပါတယ်။ကျနော်တို့ကလည်း ကြီးကျယ်တဲ့ အသင်းတစ်သင်းပါ။ ဘယ်အသင်းကို မဆို ဖိအားပေးနိုင်စွမ်းရှိပါတယ်။ ပြီးခဲ့တဲ့ နှစ်ပြိုင်ပွဲမှာ ဖလားရအောင်သူတို့ကို အကြိတ်အနယ် ကစားခဲ့ဖူးပါတယ်။ တစ်ဖက်နဲ့တစ်ဖက် လေးစားမှု ရှိသလို တစ်ယောက်အကြောင်းကို တစ်ယောက်သိနေကြတယ်လေ။ ဗိုလ်လုပွဲကတော့ အရမ်းကိုကြည့်လို့ကောင်းမယ့် ပြိုင်ပွဲကြီးဖြစ်လာမှာပါ” ဟု ဗီဒဲလ် ကဆိုသည်။
ထို့ပြင် ဘေယန်မြူနစ် ကစားသမားဗီဒဲလ်က “ ကျနော်တို့အသင်းဟာ အရင်ပွဲစဉ်တုန်းက ကစားခဲ့သလိုမျိုးမဟုတ်တော့ပါဘူး။ ဘောလုံးရာသီအကြာကြီးအတူတွဲ ကစားခဲ့ပြီးတဲ့နောက်မှာ ကျနော်တို့ရဲ့ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်ရေးဟာ အကောင်းဆုံးအနေအထားရှိနေပါတယ်” ဟု ရှင်းပြသည်။ ထို့ပြင် ဗီဒဲလ်က “ ဗိုလ်လုပွဲဟာ အရမ်းကြီးကျယ်သလို နည်းဗျူဟာပိုင်းလည်း အကောင်းဆုံးမြင်တွေ့ကြရမှာပါ။ မက္ကဆီကိုပွဲ နဲ့ကစားခဲ့သလိုမျိုး ကျနော်တို့ကစားမှာပါ။ စိတ်ရှည်ရမယ်။ အာဂျင်တီနားရဲ့စုစည်းမှုကို ဖိအားပေးတဲ့ နည်းပေါ့။ မက်ဆီ အတွက် စိုးရိမ်နေဖို့မလိုပါဘူး။ ဒါပေမယ့် သူ့ကိုတော့ သတိထားရမှာပေါ့”ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
“ ကျနော်တို့အုပ်စုက အရမ်းတောင့်တင်းတယ်။ ဒါပေမယ့် ကျနော်တို့မှာ ယုံကြည်မှုရှိတယ် ။ အုပ်စုက လွှတ်အောင်ဘယ်လိုကစားရမလဲဆိုတာ ဆွေးနွေးတိုင်ပင်ကြတယ်။ အသင်းသားတွေကြမှာ အချိန်အကြာကြီး ညှိနှိုင်းတိုင်ပင်မှုတွေလုပ်ပြီးမှ အကောင်းဆုံးရလဒ်တွေ ရခဲ့တာပါ”ဟု ဗီဒဲလ် ကဆိုသည်။
ကိုပါမေရိကဖလားဗိုလ်လုပွဲကို အမေရိကန်နိုင်ငံ နယူးဂျာစီပြည်နယ် Rutherford အရှေ့ပိုင်းရှိ Met Life အားကစားပြိုင်ကွင်းတွင် ဇွန် ၂၆ ရက် ( အမေရိကန်စံတော်ချိန် ) တွင် အာဂျင်တီးနားအသင်း နှင့် ချီလီ အသင်းတို့ယှဉ်ပြိုင်ကစားကြမည် ဖြစ်သည်။ အဆိုပါ နှစ်သင်းသည် အုပ်စုပွဲတွင် ယှဉ်ပြိုင်ကစားခဲ့ဖူးပြီး ၎င်းပွဲစဉ်၌ အာဂျင်တီးနားက ၂ဂိုး-၁ဂိုးဖြင့် အနိုင်ရခဲ့ကြောင်းသိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.