Latin America
ဆီးရီးယားကို နောက်ထပ် ထပ်မံတိုက်ခိုက်ရန် ပြင်ဆင်ပြီးဖြစ်ဟု အမေရိကန်က ဆို
လီမာ ၊ ဧပြီ ၁၅ ရက်(ဆင်ဟွာ)
အမေရိကန်အစိုးရက ဆီးရီးယားကို နောက်ထပ် စစ်ရေးတိုက်ခိုက်မှုများပြုလုပ်သွားရန် ပြင်ဆင်ပြီးဖြစ်ကြောင်း၊ ဆီးရီးယားနှင့်၎င်း၏မဟာမိတ်နိုင်ငံများ၏ လက်တုံ့ပြန်မှုများကိုလည်း ရင်ဆိုင်ဖြေရှင်းသွားမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံ ဒုတိယသမ္မတ မိုက်ပန့်ချ် (Mike Pence)က ပီရူးနိုင်ငံ မြို့တော်လီမာတွင် ပြောကြားခဲ့သည်။
အမေရိကန်၊ ပြင်သစ် ၊ဗြိတိန် ၃ နိုင်ငံ ပူးပေါင်း၍ ဆီးရီးယားကို စစ်ရေးတိုက်ခိုက်မှုများပြုလုပ်ခဲ့ရာ ကြီးမား သော အောင်မြင်မှုများရရှိခဲ့ပြီး ဆီးရီးယား၏ ဓါတုလက်နက်သုံးတိုက်ခိုက်မှုစွမ်းရည်ကို ကျဆင်းသွားအောင် လုပ်ဆောင်နိုင်ခဲ့ကြောင်း ဒုတိယသမ္မတ မိုက်ပန့်ချ် (Mike Pence)က မာလီတွင် ကျင်းပသော ၈ ကြိမ်မြောက် အမေရိက နိုင်ငံများ ထိပ်သီးအစည်းအဝေး(Summits of the Americas)၌ သတင်းထောက်များကို ပြောကြားခဲ့သည်။
အမေရိကန်က ဆီးရီးယား၏ဓာတုလက်နက်အရေးကိစ္စကို စုံစမ်းစစ်ဆေးမှုများမပြုလုပ်သေးမီ စစ်ရေးတိုက်ခိုက် မှုများ ဘာကြောင့်ဆောင်ရွက်ရခြင်းဖြစ်သနည်းဟု မေးရာတွင် ဆီးရီးယားက ဓာတုလက်နက် သုံးတိုက်ခိုက် သည်မှာ မှန်ကန်သည်ဟု အမေရိကန်က ယုံကြည်ကြောင်း ၊ အကယ်၍ ဆီးရီးယားအစိုးရက ဓာတုလက်နက် သုံး၍ထပ်မံ တိုက်ခိုက်သွားပါက ယခုထက် ပိုသောဆုံးရှုံးနစ်နာမှုများပေးဆပ်ရ လိမ့်မည်ဟု ၎င်းက ဆိုခဲ့သည်။
ဆီးရီးယားနိုင်ငံ မြို့တော် ဒမတ်စကပ်စ် အရှေ့ပိုင်း အရှေ့ Ghouta ဒေသတွင် လွန်ခဲ့သော ရက်ပိုင်းများက ဓာတုလက်နက်သုံးတိုက်ခိုက်မှုဖြစ်ပွားပြီးနောက် အမေရိကန် သမ္မတ ထရန့် က ဆီးရီးယားကို တိုက်ခိုက်မှုများ ပြုလုပ်သွားမည်ဟု အကြိမ်ပေါင်းများစွာ ခြိမ်းခြောက်ပြောဆိုမှုများရှိခဲ့သည်။
ဧပြီလ ၁၃ ရက် ညပိုင်းတွင် အမေရိကန်သမ္မတ ထရန့်က အမေရိကန်စစ်တပ်ကို ဗြိတိန်၊ပြင်သစ်နှင့်ပူးပေါင်း၍ ဆီးရီးယားစစ်တပ်အဆောင်အယောင်များကို ပစ်မှတ်ထားတိုက်ခိုက်မှုများ ပြုလုပ်သွားရန် အမိန့်ချထားပြီး ဖြစ်ကြောင်း ကြေညာခဲ့သည်။ဆီးရီးယားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက အမေရိကန်၊ဗြိတိန်နှင့် ပြင်သစ်တို့၏ ဤတိုက်ခိုက်မှုအပေါ် အပြင်း အထန်ကန့်ကွက်အပြစ်တင် ကြောင်း၊ ယခုကဲ့သို့တိုက်ခိုက်မှုမှာ နိုင်ငံတကာစည်းမျဉ်းဥပဒေကို မျက်ကွယ်ပြု ခြင်းဖြစ်ပြီး နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့်လုံခြုံရေး အန္တရာယ်ကို ပိုမိုဆိုးဝါးလာအောင် လုပ်ဆောင် ခြင်းဖြစ် ကြောင်း ၎င်း၏ဧပြီလ ၁၄ ရက်နေ့တွင် ထုတ်ပြန်ထားသည့် ကြေညာချက်တွင် ဖော်ပြထားသည်။ ထို့အပြင် ဆီးရီးယားအစိုးရက အမေရိကန်၊ ဗြိတိန်၊ပြင်သစ်တို့၏ ဤစစ်ရေးတိုက်ခိုက်မှုကို နိုင်ငံတကာ အသိုင်းအဝိုင်း က ဝိုင်းဝန်းအပြစ်တင်ကန့်ကွက်ကြရန် တိုက်တွန်းထားသည်။ (Xinhua)