North America
ကိုပါအမေရိကဖလား ဝင်ပြိုင်မည့် ဘရာဇီး လက်ရွေးစင်အသင်းမှ ကာကာ ချန်ထားခံရ

လော့အန်းဂျလိစ် ၊ ဇွန် ၂ ရက် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ၌ ဇွန်လအတွင်း ကျင်းပမည့် ကိုပါ အမေရိကဖလား ဘောလုံးပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်မည့် ဘရာဇီးအသင်းသည် ၎င်းတို့၏ ဝါရင့် ကွင်းလယ်ကစားသမား ကာကာအား ရွေးချယ်ခြင်းမပြုဘဲ လက်ရွေးစင် အသင်းမှ ချန်ထားရစ်ခဲ့ကြောင်း ဘရာဇီးနိုင်ငံ ဘောလုံအဖွဲ့ချုပ်က ဇွန်လ ၁ ရက်တွင် အတည်ပြု ပြောကြားသည်။
အသက် ၃၄ နှစ်အရွယ်ရှိ အော်လန်ဒ စီးတီး ကွင်းလယ်ကစားသမား ကာကာသည် လွန်ခဲ့သော ရက်သတ္တပတ်က ဘရာဇီး တောင်ပံကစားသမား ဒေါက်ဂလက်ကော့စတာ ( Douglas Costa) ၏ နေရာတွင် အစားထိုးရန် ရွေးခြယ်ခံထားရသူ ဖြစ်ပြီး ကြွက်သားဒဏ်ရာ ရသွားသောကြောင့် ချန်ထားခံခဲ့ရခြင်း ဖြစ်သည်။
အပြီးသတ် လူစာရင်းတွင် ကာကာ အား ချန်လှပ်ထားခဲ့ပြီး ၎င်းအစား အသက် ၂၆ နှစ်အရွယ်ရှိ ဆာအိုပေါ်လို ကွင်းလယ်ကစားသမား Henrique Ganso ဖြင့် အစားထိုးခဲ့ခြင်း ဖြစ်သည်။ Ganso သည် ၂ဝ၁၂ ခုနှစ်ကစ၍ ဘရာဇီး လက်ရွေးစင် အသင်းတွင် ပါဝင်ကစားခဲ့ခြင်း မရှိသော ကစားသမားတစ်ဦး ဖြစ်သည်။
“လေ့ကျင့်ရေးကွင်းမှာ ကာကာ က သက်သောင့်သက်သာ မရှိခဲ့ဘူး။ ဓာတ်မှန် စစ်ဆေးချက်အရ သူဟာ ရက်ပေါင်း ၂ဝ လောက် အနားယူဖို့လိုအပ်နေတယ်” ဟု ဘရာဇီးအသင်း နည်းစနစ်ပိုင်းဆိုင်ရာ ညွှန်ကြားရေးမှူး Gilmar Rinaldi ကပြောသည်။
ကာကာသည် ၂ဝဝ၂ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အနိုင်ရ ဗိုလ်စွဲခဲ့သော ဘရာဇီးအသင်းတွင် ခြေစွမ်းပြခဲ့သည့် ကစားသမားတစ်ဦး ဖြစ်သည်။ ၎င်းသည် ဒဏ်ရာကြောင့် ကိုပါ အမေရိကဖလား ဝင်ပြိုင်မည့် ဘရာဇီးအသင်းမှ ထုတ်ပယ်ခြင်း ခံရသည့် ငါးဦးမြောက် ကစားသမား ဖြစ်လာသည်။ အသင်းမှ အခြား ထုတ်ပယ်ခံရသူများမှာ တောင်ပံကစားသမား ဒေါက်ကလက်ကော့စတာ ၊ ဂိုးသမား အီဒါဆန် ၊ ကွင်းလယ်လူ ရာဖင်ဟာ နှင့် တိုက်စစ်မှူး ရီကာဒိုအိုလီဗီရာ တို့ဖြစ်ကြသည်။
ဘာဆီလိုနာအသင်းက ၎င်းတို့၏ ကစားသမား နေမာအား နိုင်ငံ လက်ရွေးစင်အဖြစ် ကိုပါအမေရိက ဖလားရော ၊ သြဂုတ်လတွင် ကျင်းပမည့် အိုလံပစ်ပြိုင်ပွဲတွင်ပါ သွားရောက်ကစားခွင့် ပိတ်ပင်ထားသဖြင့် ဘရာဇီးအသင်းသည် ၎င်းတို့၏ အသင်းခေါင်းဆောင် နေမာကိုလည်း ပြိုင်ပွဲ နှစ်ခုစလုံးတွင် ဆုံးရှုံးရဖွယ် ရှိနေသည်။
ဘရာဇီးအသင်းသည် ကိုပါအမေရိကဖလား အုပ်စုအဖွင့် ပွဲစဉ်အဖြစ် ကယ်လီဖိုးနီးယားပြည်နယ် Pasadenaမြို့ ရှိ Rose Bowl အားကစားပြိုင်ကွင်း၌ ဇွန်လ ၄ ရက်တွင် အီကွေဒေါ အသင်း နှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)