North America
သမ္မတဒေါ်နယ်ထရမ့်က ဆီးရီးယားကို ဒုံးကျည်များ “ လာလိမ့်မည်” ဟု ခြိမ်းခြောက်
ဝါရှင်တန် ၊ ဧပြီ ၁၂ ရက်(ဆင်ဟွာ)
ဓါတုလက်နက်များအသုံးပြု၍ တိုက်ခိုက်ခဲ့ခြင်း သံသယကို တုံ့ပြန်ရန်အတွက် ဆီးရီးယားနိုင်ငံဆီသို့ ဒုံးကျည်များ“ လာလိမ့်မည်” ဟု အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်က ဧပြီ ၁၁ ရက်တွင် ရုရှားအား ခြိမ်းခြောက်ပြောကြားလိုက်သည်။
“ ဆီးရီးယားစစ်မြေပြင်မှာ ဘယ်ဒုံးကျည်ကိုမဆို ပစ်ချမယ်လို့ရုရှားက ကတိပြုထားတယ်။ ရုရှားဘက်ကအသင့်ပြင်ထားပါ။ ဘာကြောင့်လဲဆိုတော့ သိပ်လှပြီး စမတ်ကျတဲ့ ဒုံးကျည်အသစ်တွေ ဆီးရီးယားဆီကို လာပါလိမ့်မယ်” ဟု ထရမ့်က ဧပြီ ၁၁ ရက်တွင် ၎င်း၏ တွစ်တာလူမှုကွန်ရက်စာမျက်နှာတွင် ရေးသားခဲ့သည်။
“ ခင်ဗျားတို့အနေနဲ့ကိုယ့်ပြည်သူတွေကို ဓာတ်ငွေ့သုံးပြီးသတ်နေတဲ့ ၊ အဲဒီလို သတ်ရတာကို ပျော်နေတဲ့ တိရစ္ဆာန်တွေနဲ့အပေါင်းအပါ မလုပ်သင့်ပါဘူး” ဟု ထရမ့်က တွစ်တာတွင်ရေးသားခဲ့သည်။
ပြီးခဲ့သောရက်သတ္တပတ်က ဖြစ်ပွားခဲ့သော ဓာတ်ငွေ့သုံးတိုက်ခိုက်မှုအတွက် ဆီးရီးယားအစိုးရအား ကျောထောက်နောက်ခံပြုထားသည့် “ သမ္မတပူတင် ၊ ရုရှား နှင့် အီရန်” တွင် တာဝန်ရှိကြောင်း ထရမ့်က စွပ်စွဲပြစ်တင်ခဲ့သည်။
ဧပြီ ၁၁ ရက်က ထရမ့်၏ တွစ်တာတွင်ရေးသားမှုအပေါ် ရုရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရပုဂ္ဂိုလ် Maria Zakharova က ဓာတုဓာတ်ငွေ့သုံး ဒုံးကျည်တစ်စင်းဖြင့် တိုက်ခိုက်ခဲ့သည်ဆိုသည့် သံသယကိုအတည်ပြုရန် နိုင်ငံတကာစစ်ဆေးသူများအား ဝင်ရောက် စစ်ဆေးစေသင့်ကြောင်း ယင်းနေ့နှောင်းပိုင်းတွင် ၎င်း၏ ဖေ့ဘွတ်စာမျက်နှာမှ တဆင့် တုံ့ပြန်ရေးသားခဲ့သည်။
အလွန်အဆင့်မြင့်သော ဒုံးကျည်များမှာ အကြမ်းဖက်သမားများကိုသာ တိုက်ခိုက်သင့်ပြီး အကြမ်းဖက်သမားများကို နှိမ်နင်းနေသည့် တရားဝင်အစိုးရကို မတိုက်ခိုက်သင့်ကြောင်း Zakharova က ရေးသားခဲ့သည်။
ဧပြီ ၁၁ ရက်က ဓာတုလက်နက်ဖြင့် တိုက်ခိုက်ခဲ့သည့်ကိစ္စနှင့်ပတ်သက်၍ ဆီးရီးယားအစိုးရအား တုံ့ပြန် တိုက်ခိုက်သွားမည်ဟု ထရမ့်က ဆိုသည်။
သူပုန်များထိန်းချုပ်ထားရာ မြို့တော် ဒမတ်စကက်စ်မြို့အနီးအား ဆီးရီးယားအစိုးရ ကလိုရိုက်ဓာတ်ငွေ့များဖြင့် တိုက်ခိုက်ခဲ့ကြောင်း တက်ကြွလှုပ်ရှားသူများ ၊ ဒေသတွင်း သုတေသီများ နှင့် သူပုန်တပ်ဖွဲ့ဝင်များက စွပ်စွဲပြောကြားထားသည်။
ဆီးရီးယားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက စွပ်စွဲချက်များကို ငြင်းဆိုခဲ့ပြီး သူပုန်များအနေဖြင့် လူသတ်မှုကျူးလွန်နေသည်ကို ဖုံးကွယ်ရန် ဆင်ခြေဆင်လက်များသာ ဖြစ်ကြောင်း တုံ့ပြန်ပြောကြားထားသည်။(Xinhua)