Connect with us

North America

အမေရိကန်နိုင်ငံ အိုကလာဟိုးမားပြည်နယ်တွင် လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် လူ ၂ ဦးသေဆုံး ၊ ၂၉ ဦး ဒဏ်ရာရ

အမေရိကန် အိုကလာဟိုးမား(Oklahoma)ပြည်နယ်တွင် တိုက်ခတ်ခဲ့သော လေဆင်နှာမောင်းအား တွေ့ရစဉ်(ဆင်ဟွာ)

ဝါရှင်တန်၊ မေ ၂၇ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ အလယ်ပိုင်း အိုကလာဟိုးမား(Oklahoma)ပြည်နယ် El Renoမြို့တွင် မေ ၂၅ရက် ညပိုင်းက လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် လူ ၂ ဦးသေဆုံးပြီး ၂၉ ဦးဒဏ်ရာရရှိခဲ့ကြောင်း ယင်းမြို့ မြို့တော်ဝန် Matt White က မေ ၂၆ ရက်တွင် ပြောကြားခဲ့သည်။

မေ ၂၅ ရက် ညပိုင်း ၁၀နာရီ ၃၀မိနစ်ခန့်က လေဆင်နှာမောင်းစတင်တိုက်ခတ်ခဲ့ရာ မိုတယ်တစ်ခုလုံး ပြားဝပ်သွားအောင် တိုက်ခတ်ခဲ့သလို Rv ဥယျာဉ်တစ်ခုလုံးကို မွှေ့ပြီးတိုက်ခတ်ခဲ့ကြောင်း Matt White က မေ ၂၆ ရက် နံနက် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ သေဆုံးသူ ၂ ဦး သည် Rv ဥယျာဉ်မှ ဖြစ်ကြောင်း ၊ ကယ်ဆယ်ရေးသမားများက အဆိုပါဥယျာဉ်တွင် ဆက်လက်ရှာဖွေမှုများ ပြုလုပ်နေကြောင်းသိရသည်။ မိုတယ်ရှိလူအားလုံးကိုမူ ရှာဖွေ့တွေ့ရှိပြီးဖြစ်ကြောင်း ၎င်းက ဆိုသည်။

ဆေးရုံတွင် ကုသနေသည့် ဒဏ်ရာရသူ ၂၉ ဦးအနက် အချို့မှာ ဒဏ်ရာပြင်းထန်ကြောင်း Matt White ကဆိုသည်။ El Renoမြို့ကို တိုက်ခတ်ခဲ့သည့် လေဆင်နှာမောင်းမှာ အနည်းဆုံး EF-2 အဆင့်ရှိပြီး လေတိုက်နှုန်း မှာ တစ်နာရီလျှင် ၁၇၉ ကီလိုမီတာမှ ၂၁၇ ကီလိုမီတာအကြား ရှိကြောင်း အမေရိကန် မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာန၏ မေ ၂၆ ရက် လူမှုမီဒီယာတွင် ထုတ်ပြန်ထားသည့် သတင်းများတွင် ဖော်ပြထား သည်။

El Renoမြို့သည် အိုကလာဟိုးမား(Oklahoma)ပြည်နယ်၏မြို့တော် အိုကလာဟိုးမား(Oklahoma)မြို့ အနာက်ဘက် ၅၀ ကီလိုမီတာအကွာတွင် တည်ရှိရာ လူဦးရေအားဖြင့် ၂ သောင်း ခန့်ရှိသည်ဟု သိရသည်။ လွန်ခဲ့သောအပတ်က အမေရိကန် အလယ်ပိုင်းနှင့် တောင်ပိုင်း ဒေသများတွင် ဆိုးဝါးသည့် ရာသီဥတုဒဏ်ကို ခံခဲ့ရကြောင်း၊ ယခုEl Renoမြို့တွင် သေဆုံးသူ ၂ ဦးအပါအဝင် မိုးကြီးခြင်း၊ လေဆင်နှာမောင်းတိုက်ခတ်ခြင်း ၊ ရေကြီးရေလျှံဖြစ်ခြင်းကြောင့် သေဆုံးသူ အနည်းဆုံး ၁၁ ဦး ရှိပြီဖြစ်ကြောင်း အမေရိကန်သတင်းမီဒီယာများအရ သိရသည်။ (Xinhua)