Connect with us

North America

သမ္မတထရမ့်က ရုရှားနိုင်ငံ၏ V-Day စစ်ရေးပြအခမ်းအနားသို့ တက်ရောက်မည်ဟု ဆို

ရုရှားနိုင်ငံ၌ ၂၀၁၉ ခုနှစ် မေလတွင် ကျင်းပခဲ့သည့် V-Day စစ်ရေးပြချီတက်အခမ်းအနားမြင်ကွင်းအားတွေ့ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ နိုဝင်ဘာ ၉ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်က ၂၀၂၀ ပြည့်နှစ် မေလတွင် ရုရှားနိုင်ငံ၌ ကျင်းပမည့် စစ်အောင်ပွဲနေ့(Victory Day) စစ်ရေးပြအခမ်းအနားသို့ တက်ရောက်ရန် စဉ်းစားနေကြောင်း နှင့် အခမ်းအနားတက်ရောက်နိုင်ရန် ၎င်း၏ အလုပ်အချိန်ဇယား အဆင်ပြေမပြေ မသေချာသေးကြောင်း နိုဝင်ဘာ ၈ ရက်တွင်ပြောကြားလိုက်သည်။

“ အဲဒီစစ်ရေးပြအခမ်းအနားကျင်းပမယ့်အချိန်က ကျွန်တော်တို့ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလရဲ့ အလယ်တည့်တည့်မှာကျနေတယ် ။ ဒါပေမယ့် အဲဒီအခမ်းအနားကိုတက်ရောက်ဖို့ ကျွန်တော်အသေအချာ စဉ်းစားမှာပါ” ဟု အဆိုပါ စစ်အောင်ပွဲနေ့အခမ်းအနားသို့တက်ရောက်ရန်ရှိမရှိ သတင်းသမားများ၏ မေးမြန်းချက်အပေါ် ထရမ့်က အထက်ပါအတိုင်းပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

အမေရိကန်သမ္မတတစ်ဉီးအနေဖြင့် ရုရှားနိုင်ငံသို့သွားရောက်လည်ပတ်ဖူးခြင်း မရှိသေးသည့် ထရမ့်က ရုရှားနိုင်ငံသမ္မတဗလာတီမာပူတင်၏ ၎င်းအား ဖိတ်ကြားမှုအပေါ် ဂုဏ်ပြုချီးကျူးစကားဆိုခဲ့ပြီး “ အလွန်ကြီးကျယ်ခမ်းနားတဲ့ စစ်ပွဲအဆုံးသတ်ခြင်း အောင်ပွဲခံအခမ်းအနားတစ်ခုပါ”  ဟု မှတ်ချက်ပြု ပြောကြားခဲ့သည်။

“ကျွန်တော်တို့ ရွေးကောက်ပွဲရာသီရဲ့ အလယ်တည့်တည့်မှာ ဖြစ်နေတယ် ၊ အဲဒါကို လုပ်နိုင်မလား ဆိုတာကြည့်ရမှာပေါ့။ ဒါပေမယ့် ကျွန်တော်လုပ်နိုင်ရင်တော့ သွားဖို့ ဖြစ်ပါလိမ့်မယ် ” ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

ရုရှားနိုင်ငံ သမ္မတနန်းတော် ပြောရေးဆိုခွင့်ရှိသူ Dmitry Peskov က “ လာမယ့်နှစ် မော်စကိုမြို့မှာ ကျင်းပမယ့် V-day စစ်အောင်ပွဲနေ့ အခမ်းအနား တက်ရောက်ဖို့ အမေရိကန်သမ္မတထရမ့်ကို ရုရှားသမ္မတပူတင်က ပြီးခဲ့တဲ့ ဇွန်လမှာ ဖိတ်ကြားခဲ့တာပါ” ဟု ဆိုသည်။

၂၀၂၀ ပြည့်နှစ်သည် ၁၉၄၅ ခုနှစ်တွင် နာဇီဂျာမနီအပေါ် မဟာမိတ်တပ်ဖွဲ့က စစ်ပွဲအောင်နိုင်ခဲ့သည့် ၇၅ နှစ်မြောက် အခါမသဖြစ်ကြောင်းသိရသည်။ ယခင်အမေရိကန်သမ္မတများဖြစ်ကြသော ဘီကလင်တန် နှင့် ဂျော့ဒဗလျူဘုတ် တို့သည် ၁၉၉၅ ခုနှစ် နှင့် ၂၀၀၅ ခုနှစ်များတွင် ရုရှားနိုင်ငံမော်စကိုမြို့  ရင်ပြင်နီ၌ ကျင်းပသည့် V-Day စစ်ရေးပြအခမ်းအနားသို့ အသီးသီး တက်ရောက်ခဲ့ဖူးကြသော်လည်း ခရိုင်းမီးယားအရေးအခင်းကို အကြောင်းပြု၍ ၂၀၁၅ ခုနှစ်တွင် ကျင်းပခဲ့သည့် နှစ် ၇၀ ပြည့် အခမ်းအနားသို့တက်ရောက်ရန် အမေရိကန်သမ္မတ အိုဘားမားက ငြင်းဆိုခဲ့ကြောင်းသိရသည်။(Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.