Latin America
ပီရူးနိုင်ငံ သမ္မတဟောင်း အား ထောင်ဒဏ်ချမှတ်ရန် အစိုးရရှေ့နေများတောင်းဆို
လီမာ၊ ဇူလိုင် ၁၂ ရက် (ဆင်ဟွာ)
ပီရူးနိုင်ငံ ရှိ အစိုးရရှေ့နေများက ပီရူးနိုင်ငံသမ္မတဟောင်း Ollanta Humala (၂၀၁၁-၂၀၁၆) နှင့် ဇနီးဖြစ်သူ Nadine Heredia တို့ ၂ဦးအား ဘရာဇီးဆောက်လုပ်ရေး ကုမ္ပဏီတစ်ခုဖြစ်သည့် Odebrecht မှ အမေရိကန်ဒေါ်လာ ၃သန်း ရယူခဲ့မှုဖြင့် ထောင်ဒဏ်ချမှတ်သွားရန် ဇူလိုင် ၁၁ ရက် ကတောင်းဆိုခဲ့ကြောင်း သိရသည်။
ပီရူးနိုင်ငံ လာဘ်ပေးလာဘ်ယူမှု တိုက်ဖျက်ရေး အစိုးရရှေ့နေ German Juarez ၏ ပြောကြားချက်အရ သမ္မတဟောင်း နှင့် ၎င်း၏ဇနီး တို့သည် ငွေကြေးခဝါချမှု နှင့် တရားမဝင်အဖွဲ့အစည်းများ ၏ ရာဇဝတ်မှုများတွင် ပါဝင်ပတ်သက်နေကြောင်း သိရသည်။
Odebrecht ဆောက်လုပ်ရေး ကုမ္ပဏီ၏ ဥက္ကဋ္ဌဖြစ်သူ Marcelo Odebrecht က ၎င်းတို့နှစ်ဦးအား လာဘ်ပေးခဲ့ရကြောင်း ဝန်ခံခဲ့ပြီးနောက် ဧပြီလတွင် ယင်းပြစ်တင်စွပ်စွဲမှုများ မြင့်တက်လာကြောင်း သိရသည်။
လာဘ်ပေးလာဘ်ယူမှုကြောင့်ရရှိခဲ့သော ငွေကြေးများကို Humala ၏ ၂၀၁၁ခုနှစ် သမ္မတရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး လှုပ်ရှားမှုများတွင် အသုံးပြုခဲ့ကြောင်း ယင်းသက်သေအထောက်အထားက ဖော်ပြနေကြောင်း Juarez က တောင်းဆိုချက်တွင် ရေးသားခဲ့သည်။ ဘရာဇီးသမ္မတဟောင်း Luiz Inacio Lula da Silva (၂၀၀၃-၂၀၁၁) နှင့် ဘဏ္ဍာရေးဝန်ကြီးဟောင်း Antonio Palocci တို့သည်လည်း Odebrecht ထံမှ တရားမဝင် ငွေကြေးများလက်ခံရရှိခဲ့ကြောင်း သိရသည်။
Humala နှင့် Heredia တို့သည် တရားမဝင်ငွေကြေးများ လက်ခံခဲ့သည်ကို ပြတ်သားစွာ ငြင်းဆိုခဲ့ကြောင်း သိရသည်။ သို့သော် အစိုးရရှေ့နေများက သိမ်းဆည်းရမိသည့် Heredia၏ နေ့စဉ်မှတ်တမ်းများအနက် တစ်ခုတွင် Ollanta Humala ၏ ရှေ့ဆုံးစာလုံးဖြစ်သည့် “OH” စကားလုံး နှင့်အတူ အမေရိကန်ဒေါ်လာ ၃သန်း ကို ရေးသားထားသည်ကို တွေ့ရှိခဲ့ကြောင်း သိရသည်။ (Xinhua)