Africa & Middle East
လစ်ဗျားနိုင်ငံ Sirte မြို့တွင် လူအစုလိုက်အပြုံလိုက် မြှုပ်နှံထားသည်ကို တွေ့ရှိ
ထရိုင်ပိုလီ၊ နိုဝင်ဘာ ၁၉ ရက် (ဆင်ဟွာ)
လစ်ဗျားနိုင်ငံ လုံခြုံရေးနှင့် လခြမ်းနီအဖွဲ့တို့သည် ထရိုင်ပိုလီမြို့နှင့် ၄၅၀ ကီလိုမီတာ ကွာဝေးသော Sirte မြို့၌ လူအစုလိုက်အပြုံလိုက် မြှုပ်နှံထားသည်ကို တွေ့ရှိခဲ့ကြောင်း ဒေသခံ တာဝန်ရှိသူ တစ်ဦးက နိုဝင်ဘာလ ၁၈ ရက်တွင် ပြောကြားခဲ့သည်။
“လုံခြုံရေးအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်သော လခြမ်းနီအဖွဲ့က Sirte အနောက်ဘက် Al-Der မြို့မှာရှိတဲ့ လူအစုလိုက်အပြုံလိုက် မြှုပ်ထားတဲ့နေရာကို ရှာဖွေဖို့ စီစဉ်ထားပါတယ်။ အဲ့ဒီနေရာဝန်းကျင်ကို တူးပြီး အလောင်းတွေဖော်ဖို့ အစိုးရ ရှေ့နေချုပ်ရုံးရဲ့ အမိန့်ကို စောင့်နေပါတယ်” ဟု Sirte မြူနီစီပယ်ကောင်စီ ပြောခွင့်ရပုဂ္ဂိုလ် မိုဟာမက် အယ်လ်-အီမီလ်က ဆင်ဟွာသို့ ပြောသည်။
“အခုတွေ့ရတဲ့ အထဲမှာတော့ လူသေအလောင်းအရေအတွက် ဘယ်လောက်ရှိတယ်ဆိုတာ မသိရသေးပါဘူး။ အလောင်းတွေကို DNA နမူနာ စစ်ဆေးသွားမှာပါ” ဟု အယ်လ်-အီမီလ်က ဖြည့်စွက်ပြောသည်။
Sirte တွင် အိုင်အက်စ် (IS) များ၏ လက်ချက်ဖြင့် သေဆုံးခဲ့ရသည့် အရပ်သားများ သို့မဟုတ် စစ်သားများအား အစုအလိုက် အပြုံလိုက် မြှုပ်နှံထားသည်ကို မကြာခဏ တွေ့ရလေ့ရှိသည်။
ကုလသမဂ္ဂ ကျောထောက်နောက်ခံပေးထားသော အစိုးရတပ်ဖွဲ့က မတိုက်ထုတ်မီ လွန်ခဲ့သည့် နှစ်နှစ်က ယင်းမြို့အား အိုင်အက်စ်နှင့် အဖွဲ့များက ထိန်းချုပ်ထားခဲ့ခြင်း ဖြစ်သည်။ (Xinhua)