Videos
တရုတ်နိုင်ငံ က အဆင့်မြင့် ရွေ့လျား နေအိမ် အလုံး (၁၀၀) ထပ်မံ လွှဲပြောင်း ပေးအပ်
ရန်ကုန် ၊ ဇန်နဝါရီ ၆ ရက် (ဆင်ဟွာ)
တရုတ် နိုင်ငံ က မြန်မာ နိုင်ငံ သို့ အဆင့်မြင့် ရွေ့လျား နေအိမ် အလုံး (၁၀၀) လွှဲပြောင်း ပေးအပ် ခြင်း အခမ်းအနား ကို ဇန်နဝါရီ ၆ ရက် က ရန်ကုန်မြို့ရှိ မြန်မာ စက်မှု ဆိပ်ကမ်း(MIP) တွင် ကျင်းပ ပြုလုပ် ခဲ့သည်။ အခမ်းအနား ၌ မြန်မာနိုင်ငံဆိုင်ရာတရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး ဟုန်လျန် က နှုတ်ခွန်းဆက် စကား ပြောကြား ရာ ရခိုင်ပြည်နယ် ရှိ နေအိမ် စွန့်ခွာ ခဲ့ရသူများ အတွက် ရွေ့လျား နေအိမ် ပေါင်း (၁၀၀) ကို ထပ်မံ လွှဲပြောင်း ပေးအပ်မည် ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ အစိုးရ အနေဖြင့် ရခိုင်ပြည်နယ် ရှိ နေရပ် စွန့်ခွာ ခဲ့သူများ ကို ကူညီ ထောက်ပံ့မှုများ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၊ ရခိုင်ပြည်နယ် ရှိ ပြည်သူလူထု တို့၏ လူနေမှုဘဝ နှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန် အတွက် ကျောက်ဖြူအထူးစီးပွားရေး ဇုန် စီမံကိန်း ကို အမြန်ဆုံး စတင်သွားလိုကြောင်း ၊ ထို့ပြင် ရခိုင်ပြည်နယ် စာပေယဉ်ကျေးမှု ပိုမို တိုးတက်ပြန့်ပွား စေရန် အတွက် မြန်မာ နိုင်ငံ အစိုးရ နှင့် ပူးပေါင်းကာ မြောက်ဦး ရှေ့ဟောင်းမြို့တော် ထိန်းသိမ်းရေး လုပ်ငန်း ကို တက်ကြွစွာ ဆောင်ရွက်နေကြောင်း ၊ဆက်လက်၍ မြန်မာ နိုင်ငံ တည်ငြိမ်အေးချမ်းရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ထောက်ပံ့ကူညီသွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။ ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝင်းခိုင် က တရုတ်ပြည်သူ့သမ္မတနိုင်ငံ လှူဒါန်း သည့် နေအိမ်များသည် ရခိုင်ပြည်နယ် နှင့် သဘာဝဘေးအန္တရာယ် ခံစားခဲ့ရသော ဒေသများအတွက် ကောင်းမွန်စွာ အသုံးပြုနိုင် ခဲ့ကြောင်း ၊ တရုတ် နိုင်ငံသည် မြန်မာနိုင်ငံ၌ လိုအပ်မှုရှိသည့် အချိန်တိုင်းတွင် ထောက်ပံ့ပေးခဲ့ပြီး သဘာဝ ဘေးဒဏ်သင့် ဒေသများမှ ပြည်သူများအတွက် အမြဲ ကူညီပေးခဲ့သဖြင့် လွန်စွာ အကျိုးသက်ရောက်မှု ရှိကြောင်း ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံကို ဂုဏ်ပြုပါကြောင်း နှင့် ကျေးဇူးတင်စကားပြောကြားလို ကာ တရုတ် နှင့် မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု ထာဝရ ခိုင်မြဲစေရန် အတွက် ဆုမွန်းကောင်းတောင်းကြောင်း ပြောကြားခဲ့သည်။ ယခု အကြိမ်လှူဒါန်း ခဲ့သည့် ရွေ့လျား နေအိမ် အလုံး ၁၀၀ မှာ ပြီးခဲ့သော အောက်တိုဘာ လကုန်ပိုင်းတွင် မြန်မာ နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန က လိုအပ်ချက်ရှိကြောင်း တရုတ် နိုင်ငံ သံရုံး သို့ အကြောင်းကြား ပြီးနောက် ဒီဇင်ဘာ၂၅ ရက်နေ့တွင် ရန်ကုန်မြို့သို့ ပို့ဆောင်ပေးခဲ့ခြင်း ဖြစ်ကြောင်း ၊ ရွေ့လျား နေအိမ် များ တပ်ဆင်ရန် အတွက် တရုတ် နိုင်ငံ မှ ကျွမ်းကျင် ပညာရှင်များကိုလည်း စေလွှတ်ပေးမည် ဖြစ်ကာ သင်တန်းများလည်း ပို့ချပေးမည် ဖြစ်ကြောင်း ၊ ရွေ့လျား နေအိမ် တစ်ခု တွင် ၂ ထပ် ကုတင် ၄ ခု ထားရှိနိုင်ပြီး လူပေါင်း ၈ ဦးနေထိုင်နိုင်ကြောင်း ၊ ရွေ့လျား နေအိမ် များ အနေဖြင့် ရာသီဥတု ဒဏ်ကို ကောင်းမွန်စွာ ခံနိုင်ပြီး လျှပ်စစ်ဝါယာ စနစ်များလည်း ပါဝင်ရာ အသင့် နေထိုင် နိုင်သော နေအိမ်များ ဖြစ်ကြောင်း သိရှိရသည်။ (Xinhua)