Connect with us

Videos

အီးယူက တရုတ်လျှပ်စစ်ကားများအား ပြင်းထန်သော စည်းကြပ်ခွန်များ သတ်မှတ်ခြင်းမှာ အမှားတစ်ခုဖြစ်ဟု စီးပွားရေးအကြံပေးပညာရှင်အဖွဲ့ Bruegel ပြောကြား

ဘရပ်ဆဲလ်၊ အောက်တိုဘာ ၁၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံထုတ် ဘက်ထရီလျှပ်စစ်ကား (EVs) များအား ဥရောပသမဂ္ဂ (EU) ၏ ပြင်းထန်သော စည်းကြပ်ခွန်များ သတ်မှတ်ခြင်းက အမှားတစ်ခုဖြစ်ပြီး ယင်းသည် ကောင်းကျိုးထက် ဆိုးကျိုးကိုသာ ဖြစ်စေမည်ဖြစ်ကြောင်း ဘရပ်ဆဲလ်အခြေစိုက် စီးပွားရေးအကြံပေးပညာရှင်အဖွဲ့ Bruegel က အောက်တိုဘာ ၉ ရက်၌ ပြောကြားခဲ့သည်။တရုတ်လျှပ်စစ်ကားများအပေါ် ပြင်းထန်သော စည်းကြပ်ခွန်များ သတ်မှတ်မည့် မဲခွဲဆုံးဖြတ်မှုကို အတည်ပြုကြောင်း ဥရောပကော်မရှင်က အောက်တိုဘာ ၄ ရက်၌ ကြေညာခဲ့သည့်အတွက် ဥရောပနိုင်ငံအချို့နှင့် မော်တော်ကားထုတ်လုပ်ရေး လုပ်ငန်းများ၏ ဝေဖန်မှုများ ထွက်ပေါ်ခဲ့ကာ ယင်းလုပ်ရပ်သည် အီးယူ၏ ဈေးကွက်ယှဉ်ပြိုင်မှုအပေါ် တန်ပြန်ထိခိုက်စေနိုင်သည်ဟုလည်း သတိပေးခဲ့သည်။
ယင်းအတွက် အဖွဲ့ဝင်နိုင်ငံများထံမှ လိုအပ်သော ထောက်ခံမှုကို ရရှိခဲ့ကြောင်း ဥရောပကော်မရှင်က ပြောကြားခဲ့သော်လည်း အီးယူအဖွဲ့ဝင်နိုင်ငံ ၁၂ နိုင်ငံက မဲမပေးဘဲ ကြားနေခဲ့ကာ ကျန် ၅ နိုင်ငံကလည်း ထိုဆုံးဖြတ်ချက်အား ကန့်ကွက်မဲပေးခဲ့ကြောင်း သိရသည်။
ပြင်းထန်သည့် စည်းကြပ်ခွန်များက အီးယူအဖွဲ့ဝင်နိုင်ငံများမှ ပြည်သူများအတွက် အကူအညီဖြစ်စေခြင်းထက် ထိခိုက်မှုကိုသာ ဖြစ်စေလိမ့်မည်ဖြစ်ကြောင်း၊ စင်စစ်အားဖြင့် ယင်းသည် ဥရောပမော်တော်ကား ထုတ်လုပ်ရေးလုပ်ငန်းအပေါ် မလိုလားအပ်သော အကျိုးဆက်ကို ဖြစ်ပေါ်စေမည်ဖြစ်ကြောင်း Bruegel ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
အဆိုပါ စည်းကြပ်ခွန်များက ဥရောပမှ ကားထုတ်လုပ်သူများအား ကမ္ဘာလုံးဆိုင်ရာ ယှဉ်ပြိုင်မှုဖိအားများမှ အကာအကွယ်ပေးထားမည်ဖြစ်ကာ တရုတ်နိုင်ငံမှ မိတ်ဖက်များနှင့်အတူ ဘက်ပေါင်းစုံ တန်ဖိုးကွင်းဆက်များ ဖော်ဆောင်ခြင်းကိုလည်း ဟန့်တားရာရောက်လိမ့်မည်ဖြစ်သည်။
ထို့ပြင် ယင်းစည်းကြပ်ခွန်များသည် ကမ္ဘာ့ကုန်သွယ်ရေး တစ်စစီပြိုကွဲမှုကို ဦးတည်နေသည့် နောက်ထပ်ခြေလှမ်းတစ်ရပ်နှင့် အလားတူပင်ဖြစ်သဖြင့် စီးပွားရေးဆိုင်ရာ ဆုံးရှုံးမှုများ တိုးလာစေပြီး မရေရာမှုများကိုလည်း ဖြစ်ပေါ်စေမည်ဖြစ်ကာ အီးယူအနေဖြင့်လည်း ထိုအခြေအနေမှ လွတ်မြောက်နိုင်မည်မဟုတ်ပေ။
ထို့အတူ ကုန်သွယ်ရေးဆိုင်ရာ အငြင်းပွားမှုများက ပျံ့နှံ့လွယ်သည့် အကျိုးဆက်များ ရှိတတ်သည့်အတွက် အီးယူနှင့် တရုတ်နိုင်ငံအကြားက ထိုသို့သော အငြင်းပွားမှုများသည် အဘက်ဘက်မှ အပြန်အလှန်ဆက်ဆံမှုများကို အဖုအထစ်ဖြစ်စေမည်ဖြစ်ကြောင်း၊ အီးယူဘက်က ၎င်းတို့၏သဘောထားကို ပြင်ဆင်ရန် အချိန်မနှောင်းသေးကြောင်းလည်း ထိုအစီရင်ခံစာ၌ ဖော်ပြထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.