Environment, Disasters & Accidents
မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ကျင်းပ

ရန်ကုန်၊ စက်တင်ဘာ ၁၇ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနက ၂၀၂၅ ခုနှစ် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို စက်တင်ဘာ ၁၆ ရက်က နေပြည်တော်တွင် ကျင်းပခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာများ၏ စက်တင်ဘာ ၁၇ ရက်က ထုတ်ပြန်သော သတင်းအရ သိရသည်။အဆိုပါ အခမ်းအနားတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူက မြန်မာနိုင်ငံသည် ကမ္ဘာ့အိုဇုန်းလွှာကာကွယ်ရေးဆိုင်ရာ ဗီယင်နာ ကွန်ဗင်းရှင်း၊ အိုဇုန်းလွှာပျက်စီးစေသော ဒြပ်ပစ္စည်းများ ထိန်းချုပ်ရေးဆိုင်ရာ မွန်ထရီရယ်နောက်ဆက်တွဲ စာချုပ်များတွင် အဖွဲ့ဝင်ဖြစ်ကြောင်း ပြောသည်။
အဆိုပါ မွန်ထရီရယ်စာချုပ်ကို အဖွဲ့ဝင်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံသည် စာချုပ်ပါ စည်းကမ်းချက်များနှင့်အညီ အိုဇုန်းလွှာပျက်စီးစေသော ဓာတုပစ္စည်းများ ထုတ်လုပ်ခြင်း၊ အသုံးပြုခြင်းနှင့် စွန့်ပစ်ခြင်းတို့ကို လျှော့ချရန် ကတိပြုထားကြောင်း ၎င်းက ဆိုသည်။
အိုဇုန်းလွှာထိန်းသိမ်းရေးနှင့် ရာသီဥတုဖောက်ပြန်မှု တိုက်ဖျက်ရေးဆိုင်ရာ အစီအမံများ အကောင်အထည်ဖော်ရာတွင် ပြည်သူအားလုံး လက်တွဲပူးပေါင်းဆောင်ရွက်ကြရန် သတိပြုကာ မြန်မာနိုင်ငံသည် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ကမ္ဘာ့နိုင်ငံများတွင်လည်း အိုဇုန်းလွှာပျက်စီးစေသော အအေးပေးစနစ်အသုံးပြုမှု လျှော့ချရေးတို့ကို အလေးထားဆောင်ရွက်လျက်ရှိကြောင်း ဒုတိယဝန်ကြီးက ပြောသည်။
၂၀၂၅ ခုနှစ် ကမ္ဘာ့အိုဇုန်းလွှာနေ့ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုချီးမြှင့်ခြင်း အပါအဝင် အခမ်းအနားများကို နိုင်ငံတစ်ဝန်းရှိ မြို့ကြီးများတွင် ကျင်းပခဲ့ကြောင်း သိရသည်။
၂၀၂၅ ခုနှစ် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ ဆောင်ပုဒ်မှာ “အိုဇုန်းလွှာကာကွယ်ရေး သိပ္ပံပညာဖြင့် တစ်ကမ္ဘာလုံးမြှင့်တင်ဆောင်ရွက်ပေး” ဖြစ်ကြောင်း သိရသည်။ (Xinhua)
#ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ #ဗီယင်နာကွန်ဗင်းရှင်း #အိုဇုန်းလွှာ