Connect with us

Myanmar

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA)၏ ကော်မတီနှစ်ခုတွင် အဖွဲ့ဝင်အဖြစ် မြန်မာ ၂ ဦး ပါဝင်လာ

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ၏ လူငယ်ဘောလုံးပြိုင်ပွဲ ကျင်းပရေးကော်မတီ အဖွဲ့ဝင်အဖြစ် ရွေးချယ်ခံရသည့် ဒုတိယဥက္ကဋ္ဌ ဦးထိပ်ခွန်နောင်မြင့်ဝေအား တွေ့ရစဉ် (ဓာတ်ပုံ - MFF)

ရန်ကုန်၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ)
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ၏ ကော်မတီနှစ်ခု၌ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးထိပ်ခွန်နောင်မြင့်ဝေနှင့် မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်အမျိုးသမီး ဘောလုံးကော်မတီအဖွဲ့ဝင်၊ ရန်ကုန်ယူနိုက်တက် အမျိုးသမီးအသင်း ဥက္ကဋ္ဌ ဒေါ်ကလျာဇော် တို့ နှစ်ဦးအား အဖွဲ့ဝင်အဖြစ် ရွေးချယ်ခံခဲ့ရကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးက ဆင်ဟွာသို့ ယနေ့ အောက်တိုဘာ ၁၀ ရက်တွင်ပြောသည်။
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ၏ လူငယ်ဘောလုံးပြိုင်ပွဲ ကျင်းပရေးကော်မတီ အဖွဲ့ဝင်အဖြစ် ဦးထိပ်ခွန်နောင်မြင့်ဝေနှင့် FIFA အမျိုးသမီး ဘောလုံး ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အဖွဲ့ဝင်အဖြစ် ဒေါ်ကလျာဇော်တို့ ရွေးချယ်ခံခဲ့ရခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
“ကျွန်တော်တို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ရဲ့ ဥက္ကဋ္ဌ ဦးဇော်ဇော်ကိုလည်း ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ရဲ့ အကျိုးပြုလုပ်ငန်းကော်မတီဥက္ကဋ္ဌအဖြစ် ခန့်အပ်ခြင်းခံခဲ့ရပါတယ်။ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA)ရဲ့ ကော်မတီနှစ်ခုမှာလည်း အဖွဲ့ဝင်အဖြစ် ကျွန်တော်တို့ မြန်မာ ၂ ဦးလည်း ပါဝင်လာခဲ့တယ်ဆိုတော့ ဒါကကျွန်တော်တို့ မြန်မာနိုင်ငံအတွက် ဂုဏ်ယူစရာဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။
အဆိုပါ ကော်မတီ ၂ ခု၏ အဖွဲ့ဝင်အဖြစ် ၂၀၂၅ ခုနှစ်မှ ၂၀၂၉ ခုနှစ်အထိ သက်တမ်း ငါးနှစ် တာဝန်ယူ ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

FIFA အမျိုးသမီး ဘောလုံး ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အဖွဲ့ဝင်အဖြစ် ရွေးချယ်ခံရသည့် ဒေါ်ကလျာဇော်အား တွေ့ရစဉ် (ဓာတ်ပုံ- MFF)