Connect with us

Business

၂၀၂၅ – ၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ပဲတီစိမ်း တင်ပို့မှုအားလုံး၏ ၆၈ ရာခိုင်နှုန်းကျော် တရုတ်နိုင်ငံကို တင်ပို့လျက်ရှိဟု ဆို

မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်၌ ခူးဆွတ်ခါနီး ပဲတီစိမ်းများကို တွေ့ရစဉ် (ဓာတ်ပုံ- MOI)

ရန်ကုန်၊ အောက်တိုဘာ ၁၆ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံမှ ထွက်ရှိသော ပဲတီစိမ်းကို ပင်လယ်ရေကြောင်းမှတစ်ဆင့် ပြည်ပနိုင်ငံများသို့ တင်ပို့လျက်ရှိရာ ၂၀၂၅ – ၂၀၂၆ ဘဏ္ဍာနှစ်အတွင်း တင်ပို့မှုအားလုံး၏ ၆၈ ရာခိုင်နှုန်းကျော်အား တရုတ်နိုင်ငံကိုတင်ပိုခဲ့ကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံ ပြောင်းနှင့် နှမ်းကုန်သည်များ အသင်း၏ အကြံပေးပုဂ္ဂိုလ် ဦးစိုးဝင်းမောင်က ဆင်ဟွာသို့ အောက်တိုဘာ ၁၆ ရက်တွင်ပြောသည်။
“မြန်မာနိုင်ငံမှာ ပဲစုစုပေါင်းထွက်ရှိမှုက ၆ သန်းလောက်ရှိတယ်လို့ ကိန်းဂဏန်းတွေအရ တွေ့ရတယ်။ ထွက်ရှိတဲ့ ပဲအမျိုးမျိုးအနက် ပဲတီစိမ်းက ၁.၈၆ သန်းထွက်ရင် မတ်ပဲက ၁.၇၈ သန်းလောက်ထွက်တယ်လို့ ကိန်းဂဏန်းတွေအရ သိရပါတယ်။ ထွက်သမျှပဲမျိုးစုံထဲမှာ ပဲတီစိမ်းက အများဆုံးထွက်တယ်လို့ ပြောလို့ရတယ်ပေါ့။ အဲဒီလို အများဆုံထွက်တဲ့ ပဲတီစိမ်းကို တရုတ်နိုင်ငံကို အဓိကတင်ပို့ရတာပေါ့” ဟု ဦးစိုးဝင်းမောင် ကပြောသည်။
၂၀၂၅-၂၀၆ ဘဏ္ဍာနှစ်တွင်တော့ တရုတ်နိုင်ငံဆိပ်ကမ်းသို့ ပဲတီစိမ်းပို့သည့်အခါ ပဲများတွင် ပိုးသတ်ဆေးဓာတ်ကြွင်းပမာဏ ကျန်ရှိမှု များပြားနေခြင်းကြောင့် ကုမ္ပဏီ ၂၂ ခုက တင်ပို့သော ပဲတီစိမ်း တန်ချိန် တစ်သောင်းကျော် နှင့် ပဲယင်းတန်ချိန် ၁၀၀ ကျော် မြန်မာနိုင်ငံကို ပြန်ပိုခဲ့သည့် ဖြစ်စဉ်ရှိခဲ့ကြောင်း ၎င်းကဆိုသည်။
“ပိုးသတ်ဆေးဓာတ်ကြွင်းကတော့ နိုင်ငံတိုင်းက စစ်ဆေးပြီးမှ လက်ခံကြတာပေါ့။ ကိုယ့်နိုင်ငံကထွက်တဲ့ ပဲတီစိမ်းကလည်း ပျမ်းမျှပါဝင်သင့်တာထက် ကျော်နေတာပေါ့။ အဲဒီတော့ ပြန်အပယ်ခံရတာပေါ့။ ကျွန်တော်တို့လည်း ဒါမျိုးတွေမဖြစ်ဖို့ ဘယ်လိုပြင်ရမလဲဆိုတာကို လုပ်နေကြပါတယ်။ အဓိကကတော့ ကျွန်တော်တို့နဲ့ စိုက်ပျိုးရေးဦးစီးဌာနနဲ့ပေါင်းပြီး တောင်သူတွေကို ပိုးသတ်ဆေးစနစ်တကျသုံးစွဲနိုင်အောင် သင်တန်းပေးတာတွေလုပ်မှာပါ” ဟု ၎င်းကဖြည့်စွက်ပြောကြားသည်။
ပြည်ပသို့ ပဲတင်ပို့မှုမှ နိုင်ငံခြားဝင်ငွေ ပိုမိုတိုးတက်ရရှိနိုင်စေရန် မြန်မာ့ပဲများ အရည်အသွေးကောင်းမွန်စေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ၎င်းကဆိုသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ပဲနှင့် ပဲမျိုးစုံသည် မြန်မာနိုင်ငံတွင် ဆန်စပါးပြီးလျှင် ဒုတိယ အများဆုံး စိုက်ပျိုးသည့် သီးနှံဖြစ်ပြီး မြန်မာနိုင်ငံ၏ စုစုပေါင်း စိုက်ပျိုးထုတ်လုပ်မှု၏ ၃၀ ရာခိုင်နှုန်းကျော်ရှိသည်။ (Xinhua)