Connect with us

Politics, Law & Military

မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် အိုက်စ် (မက်သ်အဖက်တမင်း) ၁.၅၈ တန်နှင့် ကက်တမင်း ၁.၈ တန်ကျော် ဖမ်းဆီးရမိ

ဖမ်းဆီးရမိသူတို့အား သက်သေခံပစ္စည်းများနှင့် အတူတွေ့ရစဉ် (ဓာတ်ပုံ-- CCDAC Myanmar)

ရန်ကုန်၊ ဒီဇင်ဘာ ၁၆ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် အိုက်စ် (မက်သ်အဖက်တမင်း) ၁.၅၈ တန်နှင့် ကက်တမင်း ၁.၈ တန်ကျော် ဖမ်းဆီးရမိခဲ့ကြောင်း CCDAC Myanmar ၏ ဒီဇင်ဘာ ၁၅ ရက် သတင်းထုတ်ပြန်ချက်အရ သိရသည်။ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာလ ၂၇ ရက် နံနက် ၆ နာရီအချိန် သတင်းအရ မြောက်ဥက္ကလာပမြို့နယ် လူ ၄ ဦးတို့အား ကက်တမင်း ၁.၈ တန်ကျော်၊ HINO Box မော်တော်ယာဉ် ၁ စီး၊ MARK-X မော်တော်ယာဉ် ၁ စီး၊ LIGHT TRUCK မော်တော်ယာဉ် ၁ စီးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

၎င်းဖမ်းဆီးရမိသူတို့အား စစ်ဆေးဖော်ထုတ်ချက်အရ ၎င်းတို့ဆက်လက်သယ်ဆောင်မည့် မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက္ကံမြို့သစ်၊ (၁၉)ရပ်ကွက်ရှိ ဂိုဒေါင်အားဆက်လက်ရှာဖွေရာ ဂိုဒေါင်အတွင်းမှ အိုက်စ် (မက်သ်အဖက်တမင်း) ၁.၅၈ တန်နှင့် ကက်တမင်း ၆၀ ကီလိုဂရမ်တို့အား ထပ်မံသိမ်းဆည်းရမိသဖြင့် အိုက်စ် (မက်သ်အဖက်တမင်း) ၁.၅၈ တန် (၎င်းဒေသတန်ဖိုးငွေကျပ် ၃၉.၅ ဘီလီယံ) နှင့် ကက်တမင်း ၁.၈၈၅ တန် (၎င်းဒေသတန်ဖိုးငွေကျပ် ၉၄ .၂၅ ဘီလီယံ) စုစုပေါင်းတန်ဖိုးငွေကျပ် ၁၃၃.၇၅ ဘီလီယံအား သိမ်းဆည်းရမိခဲ့ကြောင်း CCDAC Myanmar ၏ သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

ကွင်းဆက်ဖော်ထုတ်ချက်အရ ဖမ်းဆီးရမိ HINO Box ယာဉ်ဖြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမှ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက္ကံမြို့သစ်သို့ စိတ်ပြောင်းဆေးဝါးများ သယ်ဆောင်ခဲ့ပြီး တစ်ဆင့်လွှဲပြောင်းပေးခဲ့သူ ၂ ဦးအား နိုဝင်ဘာလ ၂၇ ရက် မွန်းလွဲ ၂ နာရီအချိန် မင်္ဂလာဒုံမြို့နယ်၊ နွယ်ခွေရပ်ကွက်ရှိ တည်းခိုခန်းတွင်လည်းကောင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မှ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက္ကံမြို့သစ်ရှိ ဂိုဒေါင်အတွင်းသို့ စိတ်ပြောင်းဆေးဝါးများ သယ်ဆောင်ခဲ့သူ ၂ ဦးအား နိုဝင်ဘာလ ၂၈ ရက် ညနေ ၅ နာရီအချိန် ၎င်းတို့ စိတ်ပြောင်းဆေးဝါး သယ်ဆောင်ရာတွင် အသုံးပြုခဲ့သည့် MITSUBISHI FUSO ဆီဘောက်ဆာယာဉ် ၁ စီးနှင့်အတူ ကျောက်ဆည်မြို့နယ်၊ သံရွာအနီးတွင်လည်းကောင်း ဖမ်းဆီးရမိခဲ့ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။

ထပ်မံစစ်ဆေးပေါ်ပေါက်ချက်အရ ရှမ်းပြည်နယ် (မြောက်ပိုင်း) မှ ရန်ကုန်မြို့သို့ စိတ်ပြောင်းဆေးဝါးများ တာဝန်ခံသယ်ဆောင်သူအား နိုဝင်ဘာလ ၂၈ ရက် ညနေ ၆ နာရီအချိန် လားရှိုးမြို့၊ ရပ်ကွက် (၁၂) ရှိ ၎င်း၏နေအိမ်တွင် စိတ်ပြောင်းဆေးဝါးများ သယ်ဆောင်ရာတွင် အသုံးပြုခဲ့သည့် TOYOTA LANDCRUISER ယာဉ် ၁ စီးနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ပြီး ၎င်း၏ဖော်ထုတ်ချက်အရ စိတ်ပြောင်းဆေးဝါးများ သယ်ဆောင်ရာတွင် ပူးပေါင်းပါဝင်သူများဖြစ်သည့် လူ ၃ ဦးတို့အား နိုဝင်ဘာလ ၂၉ ရက် နံနက် ၉ နာရီခွဲအချိန်တွင် လားရှိုးမြို့၊ ရပ်ကွက် (၁) ၌ ဆက်လက်ဖမ်းဆီးရမိခဲ့ကြောင်း CCDAC Myanmar ၏ သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

ကွင်းဆက်ဖော်ထုတ်စစ်ဆေးချက်များအရ ရှမ်းပြည်နယ် (မြောက်ပိုင်း) ၊ လောက်ကိုင်မြို့နေ ဖမ်းဆီးရန်ကျန်သူ ၂ ဦးနှင့် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ဖောင်းချောင်းကျေးရွာနေ ဖမ်းဆီးရန်ကျန် ၁ ဦးတို့၏ အစီအမံဖြင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) မှ စိတ်ပြောင်းဆေးဝါးများအား ရန်ကုန်မြို့သို့သယ်ဆောင်ပြီး ပင်လယ်ရေကြောင်းမှတစ်ဆင့် မလေးရှားနှင့် ထိုင်းရေပိုင်နက်သို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ဖမ်းဆီးရမိသည့် မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိကြောင်း သိရသည်။

ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်းနှင့် ၎င်းတို့၏ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်ရာမှရရှိသည့် ငွေကြေးအကျိုးအမြတ်များ၊ ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေဖြင့် ဆက်လက်အရေးယူဆောင်ရွက်လျက်ရှိကြောင်း CCDAC MYANMAR ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။ (Xinhua)
#CCDACMyanmar #ICE #မက်သ်အဖက်တမင်း #ကက်တမင်း