Connect with us

Education & Health

မြန်မာနိုင်ငံတွင် အပူချိန်မြင့်တက်လာမှုကြောင့် ကျန်းမာရေးဝန်ကြီးဌာနက အပူဒဏ်အန္တရာယ်ကာကွယ်ရေး နှိုးဆော်ချက်ထုတ်ပြန်

မြန်မာနိုင်ငံ၊ ရန်ကုန်မြို့တွင် နေပူထဲတွင် ထီးဖြင့်သွားလာနေကြသူများကိုတွေ့ရစဉ် (ဆင်ဟွာ)

 

ရန်ကုန်၊ မတ် ၂၀ ရက် (ဆင်ဟွာ)

မြန်မာတစ်နိုင်ငံလုံးတွင် အပူချိန်မြင့်တက်လာသည်နှင့်အမျှ ကျန်းမာရေးဝန်ကြီးဌာနက ပြည်သူလူထုအတွက် အပူဒဏ်အန္တရာယ်ကာကွယ်ရေး နှိုးဆော်ချက်နှင့် ဘေးကင်းရေးဆိုင်ရာ လမ်းညွှန်ချက်များ ထုတ်ပြန်ခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်ချက်အရ သိရသည်။

အပူဒဏ်အန္တရာယ်နှင့်ပတ်သက်၍ နှိုးဆော်ချက်တွင် ရာသီဥတုပူပြင်းလာခြင်းကြောင့် ခန္ဓာကိုယ်အတွင်းရှိ ရေနှင့် ဓာတ်ဆားဓာတ်များ ဆုံးရှုံးမှု ပိုမိုများပြားလာပြီး အပူဒဏ်အန္တရာယ်ကြောင့် မိတ်နှင့် ယားဖုများထွက်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ မူးဝေခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်တက်ခြင်း၊ ချွေးခြောက်ခြင်း၊ ကိုယ်အပူချိန်မြင့်တက်ခြင်း၊ သတိလစ်ခြင်းတို့ ဖြစ်ပွားနိုင်သည့်အပြင် ပြင်းထန်စွာခံစားရပါက အသက်အန္တရာယ် ထိခိုက်နိုင်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြည်သူများအနေဖြင့် အပူဒဏ်အန္တရာယ်ကြောင့် မလိုလားအပ်သည့် အကျိုးဆက်များ မဖြစ်ပေါ်စေရန် ကလေး သူငယ်များ၊ သက်ကြီးရွယ်အိုများနှင့် ဆီးချိုရောဂါ၊ နှလုံးရောဂါ၊ သွေးတိုးရောဂါ စသည့် နာတာရှည်ရောဂါအခံရှိသူများအနေဖြင့် နေ့လယ်နေ့ခင်းအချိန်များတွင် အရိပ်ရအေးမြပြီး လေဝင်လေထွက်ကောင်းသည့်နေရာများတွင် နားနေရန် သတိပေးထားသည်။

ထို့ပြင် ပူပြင်းသည့် နေရောင်အောက်တွင် ပြင်းထန်စွာအလုပ်လုပ်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခြင်းတို့ကို ရှောင်ကြဉ်ရန်၊ သွားလာလှုပ်ရှားရန်၊ အလုပ်လုပ်ရန် လိုအပ်ပါက အရိပ်လုံလောက်စွာရနိုင်တဲ့ ထီး၊ ဦးထုပ်ဆောင်းခြင်း၊ ခေတ္တအနားယူခြင်းများ မကြာခဏ ပြုလုပ်ရန်နှင့် အရိပ်ရအေးမြပြီး လေဝင်လေထွက်ကောင်းသော နေရာများ၌ နားနေရမည်ဖြစ်ကြောင်း သိရသည်။
အလင်းပြန်သော အဖြူရောင်နှင့် အရောင်ဖျော့သည့် ပွပွချောင်ချောင် ချည်ထည်များကို ဝတ်ဆင်ကြရန်၊ နေပူထဲက ပြန်လာပြီး ချက်ချင်းရေမချိုးရန်၊ နံနက်(၁၀)နာရီမှ ညနေ (၅)နာရီအထိ လွင်တီးခေါင်ပြင်၊ မြစ်ကမ်းနားနှင့် ရေချိုးဆိပ်များ အဝတ်လျှော်ဖွပ်ခြင်း၊ ရေချိုးခြင်း စသည်တို့ကို ရှောင်ကြဉ်ရမည်ဖြစ်ကြောင်း နှိုးဆော်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် အလွန်အေးသည့်အခန်းနှင့် ကားအတွင်းမှ ပူပြင်းသည့် နေရောင်ထဲသို့ ချက်ချင်းထွက်ခြင်း၊ အလွန်အေးသည့်အခန်းနှင့် ကားအတွင်းကို ချက်ချင်းဝင်ရောက်ခြင်းတို့ကို ရှောင်ကြဉ်ရန်၊ အရက်သေစာသောက်သုံးခြင်းကြောင့် အပူဒဏ်အန္တရာယ်ကို ပိုမိုခံစားရစေနိုင်သောကြောင့် ရှောင်ကြဉ်သင့်ကြောင်းလည်း အသိပေးနှိုးဆော်ချက်တွင် ဖော်ပြထားသည်။
ခန္ဓာကိုယ်အတွင်း ရေနှင့် ဓာတ်ဆားဓာတ်များ ဆုံးရှုံးမှုမဖြစ်ပေါ်စေရန် ရေနှင့်ဓာတ်ဆားရည်ကို လုံလောက်အောင် သောက်သုံးခြင်း၊ မိတ်နှင့်ယားဖုများထွက်လာပါက ရေအေးဝတ်ကပ်ခြင်း၊ သနပ်ခါးလိမ်းခြင်းတို့ကို ပြုလုပ်သင့်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် အပူဒဏ်အန္တရာယ်ခံစားရသည့် လူနာကို အရိပ်ရအေးမြပြီး လေဝင်လေထွက်ကောင်းသော နေရာတွင် ထားရှိခြင်း၊ ရေနှင့်ဓာတ်ဆားရည် သောက်သုံးစေခြင်း၊ လူနာ၏ခန္ဓာကိုယ်အပူချိန် အမြန်ကျဆင်းစေရန် နဖူး၊ လည်ပင်း၊ ချိုင်းကြားနှစ်ဖက်နှင့် ပေါင်ခြံနှစ်ဖက်တို့ကို ရေအေးပတ်တိုက်ပေးတာတို့ကို ဦးစွာဆောင်ရွက်ပြီး နီးစပ်ရာဆေးရုံ၊ ဆေးခန်း ကျန်းမာရေးဌာနများကို အမြန်ဆုံးသွားရောက်ပြသကာ ကုသမှုခံယူရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)