Connect with us

Myanmar

မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် ငွေကျပ် ၂.၀၈ ဘီလီယံ ခန့်တန်ဖိုးရှိ အိုက်စ် ၂၆ဝ ကီလိုဂရမ်ခန့် ဖမ်းဆီးရမိ

ဖမ်းဆီးရမိသူအား သက်သေခံပစ္စည်းများနှင့်အတူ တွေ့ရစဉ် (ဓာတ်ပုံ-MOI)

ရန်ကုန်၊ မတ် ၂၃ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ တွင်ငွေကျပ် ၂.၀၈ ဘီလီယံ ခန့်တန်ဖိုးရှိ အိုက်စ် ၂၆ဝ ကီလိုဂရမ်ခန့် ဖမ်းဆီးရမိခဲ့ကြောင်း မတ်လ ၂၃ ရက်ထုတ် နိုင်ငံပိုင် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားသည်။
မတ်လ ၂၂ ရက် ၂ နာရီ ၃၅ မိနစ်ခန့်တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ ပုန်းထွန်းရပ်ကွက်၊ မယ်ဆိုင်ချောင်းဘေးရှိ မြေထိန်းနံရံ တည်ဆောက်နေသည့်နေရာ၌ မသင်္ကာဖွယ်ရာ လူတစ်စု အနက်ရောင်အိတ်များအား မြေထိန်းနံရံကိုကျော်၍ ကြိုးဖြင့်ချိတ်ဆွဲချကာ မယ်ဆိုင်ချောင်းကိုဖြတ်၍ ထိုင်းနိုင်ငံဘက်သို့ပို့ရန် ဆောင်ရွက်နေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးရှာဖွေရာ စိုင်းမောင်ဝမ်း (ခ) ဝမ်းဝမ်းနှင့်အတူ အိတ်အနက်ရောင်ဖြင့် တစ်ထပ်၊ ဆာလာအိတ်အစင်းကြားဖြင့်တစ်ထပ်၊ Golden Leaf စာတန်းပါ ရွှေအိုရောင်/အဖြူရောင်/ခဲရောင် အိတ်များဖြင့် တစ်ထပ်၊ ၉၉၉ ပလပ် စတစ်အကြည်ရောင်ဖြင့် တစ်ထပ်ထုပ်ပိုးထားသည့် အိတ် ၁ လုံးလျှင် အထုပ် ၂၀ နှုန်းဖြင့် အိုက်စ် ၂၀ ကီလိုဂရမ်ခန့်ပါ အိတ် ၁၃ လုံးအတွင်းမှ အိုက်စ် ၂၆၀ ကီလိုဂရမ်ခန့် (ခန့်မှန်းငွေကျပ် ၂ ဒသမ ၀၈ ဘီလီယံခန့်) တန်ဖိုးရှိ မူးယစ်ဆေးဝါး (အိုက်စ်) များအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိတရားခံအား ဥပဒေအရ ထိရောက်စွာအရေးယူနိုင်ရေး သက်ဆိုင်ရာနယ်မြေရဲစခန်းသို့ စနစ်တကျလွှဲပြောင်းအပ်နှံပြီး အမှုဖွင့်ဆောင်ရွက်ထားရှိကာ ဆက်စပ်တရားခံများအား ဖော်ထုတ်ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ (Xinhua)