Connect with us

Africa & Middle East

အမေရိကန်က အချက် ၁၅ ချက် ပါဝင်သော ငြိမ်းချမ်းရေးအစီအစဉ်ကို ပါကစ္စတန်မှတစ်ဆင့် အီရန်သို့ ပေးပို့ထားဟု နယူးယောက်တိုင်းမ် ဖော်ပြ

အီရန်နိုင်ငံ တီဟီရန်မြို့တွင် ပြုလုပ်သည့် စျာပနအခမ်းအနားတစ်ခုသို့ တက်ရောက်လာသူများအား ၂၀၂၆ ခုနှစ် မတ် ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ မတ် ၂၅ ရက် (ဆင်ဟွာ)
စတုတ္ထမြောက် သီတင်းပတ်ထဲသို့ ရောက်ရှိလာပြီဖြစ်သည့် အီရန်နှင့် စစ်ပွဲကို အဆုံးသတ်ရန် ကြိုးပမ်းမှုအဖြစ် အမေရိကန်က အချက် ၁၅ ချက် ပါဝင်သော ငြိမ်းချမ်းရေးအစီအစဉ်ကို ပါကစ္စတန်မှတစ်ဆင့် အီရန်သို့ ပေးပို့ထားသည်ဟု အမည်မဖော်လိုသည့် တာဝန်ရှိသူနှစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ နယူးယောက်တိုင်းမ် သတင်းစာက မတ် ၂၄ ရက်၌ ဖော်ပြခဲ့သည်။
ထရမ့်အစိုးရအနေဖြင့် အဆိုပါ စစ်ရေးပဋိပက္ခ၏ စီးပွားရေးအရ နောက်ဆက်တွဲဆိုးကျိုးများကို ရင်ဆိုင်နေရသည့်အတွက် ထွက်ပေါက်တစ်ခု ရှာဖွေရန် စိတ်အားထက်သန်နေသည်ဟု သတင်း၌ ဖော်ပြထားသည်။
အဆိုပါ အစီအစဉ်သည် အီရန်၏ ပဲ့ထိန်းဒုံးကျည်နှင့် နျူကလီးယား အစီအစဉ်များနှင့် စပ်လျဉ်း၍ ကိုင်တွယ်ဖြေရှင်းထားခြင်းဖြစ်ကာ ရေကြောင်းလမ်းများနှင့် ပတ်သက်၍လည်း ဆွေးနွေးခြင်းဖြစ်သည်ဟု ဟော်မုဇ်ရေလက်ကြားကို ရည်ညွှန်းလျက် သတင်း၌ ဖော်ပြထားသည်။
သို့သော် ပါကစ္စတန်မှတစ်ဆင့် ပေးပို့သည့် အဆိုပါ အစီအစဉ်အား အီရန်တာဝန်ရှိသူများအကြား မည်မျှအထိ ကျယ်ကျယ်ပြန့်ပြန့် အသိပေးထားသည်ကိုလည်းကောင်း၊ အီရန်အနေဖြင့် ယင်းအား ဆွေးနွေးညှိနှိုင်းမှုအတွက် အခြေခံအကြောင်းရင်းအဖြစ် လက်ခံဖွယ်ရှိမရှိကိုလည်းကောင်း ရှင်းရှင်းလင်းလင်း မသိရသေးဟု နယူးယောက်တိုင်းမ်က ဆိုသည်။
ထို့ပြင် အစ္စရေးက ယင်းအဆိုပြုချက်အား ထောက်ခံခြင်းရှိမရှိ ဆိုသည်ကိုလည်း ရှင်းရှင်းလင်းလင်း မသိရသေးဟု သတင်း၌ ဖြည့်စွက်ဖော်ပြထားသည်။
အစ္စရေးရုပ်သံ Channel 12 ကလည်း အမေရိကန်အနေဖြင့် တစ်လကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အတွက် အချက် ၁၅ ချက်ပါဝင်သော အစီအစဉ်ကို အီရန်ဘက်သို့ ပေးပို့ထားသည်ဟု မတ် ၂၄ ရက်က ဖော်ပြခဲ့သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အကြံပေးပုဂ္ဂိုလ်များဖြစ်သည့် စတိဗ် ဝစ်ကော့ဖ်နှင့် ဂျရတ် ကူရှနာတို့က တိုက်ခိုက်မှုများကို ချက်ချင်းရပ်နားထားမည့် အစီအစဉ်ကို တွန်းအားပေးလုပ်ဆောင်လျက်ရှိကာ အချက် ၁၅ ချက်ပါဝင်သော အစီအစဉ်ကို ရက် ၃၀ အတွင်း အပြီးသတ်ရေးအတွက် ကြိုးပမ်းနေသည်ဟု အဆိုပါ ကိစ္စရပ်ကို သိရှိထားသော သတင်းရင်းမြစ်များ၏ ပြောကြားချက်ကို ကိုးကား၍ ၎င်းရုပ်သံလိုင်းက ဖော်ပြခဲ့သည်။
အဆိုပါ အစီအစဉ်၌ အီရန်အနေဖြင့် ၎င်း၏ နျူကလီးယား စွမ်းဆောင်ရည်များကို ဖျက်သိမ်းရန်၊ ယူရေနီယမ် သန့်စင်မှုများကို အလုံးစုံရပ်ဆိုင်းရန်၊ နျူကလီးယားလက်နက် ပိုင်ဆိုင်ရန် ဘယ်သောအခါမှ ကြိုးပမ်းမည်မဟုတ်ဟု အမြဲတမ်းကတိကဝတ်ပြုရန် တောင်းဆိုထားသည်ဟုလည်း အဆိုပါရုပ်သံက ဖော်ပြခဲ့သည်။
ထို့ပြင် အီရန်အနေဖြင့် ဒေသတွင်းရှိ မဟာမိတ် လက်နက်ကိုင်အုပ်စုများကို ငွေကြေးနှင့် လက်နက်ထောက်ပံ့မှုများ ရပ်ဆိုင်းကာ နိုင်ငံတကာသင်္ဘောများ သွားလာနိုင်ရေးအတွက် ဟော်မုဇ်ရေလက်ကြားကို အမြဲတမ်းဖွင့်ပေးမည်ဟု အာမခံချက်ပေးရန် လိုအပ်မည်ဖြစ်ကြောင်း၊ အပြန်အလှန်အနေဖြင့် အမေရိကန်ကလည်း ဒဏ်ခတ်ပိတ်ဆို့မှုများကို အပြည့်အဝ ဖြေလျှော့ပေးခြင်း၊ အီရန် တောင်ပိုင်း ဘူရှာမြို့ရှိ အရပ်ဘက် နျူကလီးယားစွမ်းအင်စီမံကိန်း ဖော်ဆောင်ရာတွင် အကူအညီပေးခြင်း၊ အီရန်အပေါ် ယခင်က ရုပ်သိမ်းခဲ့သည့် ကုလသမဂ္ဂ၏ ဒဏ်ခတ်ပိတ်ဆို့မှုများကို ပြန်လည်ချမှတ်နိုင်သော နောက်ကြောင်းပြန် အရေးယူနိုင်သည့် ယန္တရားကို ဖယ်ရှားပေးခြင်းတို့ လုပ်ဆောင်ရမည်ဖြစ်ကြောင်း အဆိုပါ ရုပ်သံက ဖော်ပြခဲ့သည်။
သို့သော် လတ်တလောတွင် စစ်ပွဲမှာ ရုတ်ခြည်း အရှိန်လျော့ကျသွားမည့် အရိပ်အယောင်များ မတွေ့ရှိရသေးပေ။ အိမ်ဖြူတော်က သံခင်းတမန်ခင်းအရ ဆောင်ရွက်နေသလို တစ်ဖက်တွင်လည်း အီရန်အား စစ်ရေးတိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်လျက်ရှိသည်ဟု မတ် ၂၄ ရက်က ပြောကြားခဲ့သည်။ (Xinhua)

ဆွစ်ဇာလန်နိုင်ငံ ဒါဗို့စ်မြို့တွင် ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီးနှင့် တွေ့ဆုံပြီးနောက် အမေရိကန်သမ္မတ ‌ဒေါ်နယ်ထရမ့်အား ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

………………….
(English Version)
U.S. sends 15-point peace plan to Iran via Pakistan: NYT
WASHINGTON, March 24 (Xinhua) — The United States has sent Iran a 15-point peace plan, via Pakistan, in an attempt to end the war with Iran, now in its fourth week, The New York Times reported on Tuesday, citing two unidentified officials.
The Trump administration is eager to “find an off-ramp from the conflict as it grapples with its economic fallout,” said the report.
The plan addresses Iran’s ballistic missile and nuclear programs and discusses maritime routes, referring to the Strait of Hormuz, it said.
However, it was unclear how widely the plan, delivered by way of Pakistan, had been shared among Iranian officials and whether Iran was likely to accept it as a basis for negotiations, said the report.
It was also unclear whether Israel was on board with the proposal, the report added.
Israel’s Channel 12 also reported on Tuesday that Washington has delivered Tehran a 15-point plan for a month-long ceasefire deal.
The TV channel, citing sources familiar with the matter, said U.S. President Donald Trump’s advisors Steve Witkoff and Jared Kushner are promoting the plan for an immediate pause in hostilities, using a 30-day window to finalize the 15-point plan.
The plan demands that Iran dismantle its nuclear capabilities, cease all uranium enrichment, and provide a permanent commitment to never seeking nuclear weapons, the channel reported.
Additionally, Tehran would be required to halt funding and arming allied groups in the region and guarantee that the Strait of Hormuz remains open to international shipping, the channel said, adding that in exchange, Washington is offering full sanctions relief, assistance in developing a civilian nuclear energy project in southern Iran’s Bushehr, and the removal of the “snapback” mechanism threat that enables the reimposition of previously lifted UN sanctions on Iran.
For now, there is no indication that the war will let up imminently. The White House said Tuesday that as diplomacy was underway, military strikes on Iran were continuing.
English Caption 1
People attend a funeral ceremony in Tehran, Iran, March 18, 2026. (Xinhua/Shadati)
English Caption 2
U.S. President Donald Trump is pictured after his meeting with Ukrainian President Volodymyr Zelensky in Davos, Switzerland, Jan. 22, 2026. (Xinhua/Peng Ziyang)