Europe
Air China လေကြောင်းလိုင်းက ဘရပ်ဆဲလ်မြို့နှင့် ပေကျင်းမြို့၊ ချိန်တူးမြို့ တိုက်ရိုက်လေကြောင်းခရီးစဉ် ချိတ်ဆက်ပြေးဆွဲ
ဘရပ်ဆဲလ်၊ မတ် ၂၆ ရက် (ဆင်ဟွာ)
တရုတ်လေကြောင်းလိုင်းဖြစ်သော Air China က ဘရပ်ဆဲလ်မြို့နှင့် တရုတ်နိုင်ငံ မြို့တော် ပေကျင်းအကြား တိုက်ရိုက်ခရီးသည်တင်လေကြောင်းဝန်ဆောင်မှုကို မတ် ၂၄ ရက်၌ စတင်ပြေးဆွဲခဲ့ပြီး ဘရပ်ဆဲလ်မြို့နှင့် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ် မြို့တော် ချိန်တူးအကြား နောက်ထပ်လေကြောင်းလိုင်းသစ်ကိုလည်း ပြေးဆွဲမည်ဖြစ်ကာ ဘယ်လ်ဂျီယမ်နှင့် တရုတ်နိုင်ငံအကြား လေကြောင်းခရီးစဉ်အသစ်များ ထပ်မံဖြည့်တင်းလိုက်ခြင်းဖြစ်သည်။
ဘရပ်ဆဲလ်မှ ပေကျင်းသို့ ခရီးစဉ်ဝန်ဆောင်မှုကို နေ့စဉ်ပြေးဆွဲမည်ဖြစ်ပြီး ဘရပ်ဆဲလ်မှ ချိန်တူးခရီးစဉ်ကိုမူ အင်္ဂါနေ့၊ ကြာသပတေးနေ့နှင့် တနင်္ဂနွေနေ့များတွင် တစ်ပတ်လျှင် သုံးကြိမ်ပြေးဆွဲမည်ကြောင်း အဆိုပါ လေကြောင်းလိုင်းက ဆိုသည်။
ထိုခရီးစဉ်နှစ်မျိုး စတင်ခြင်းနှင့်အတူ Air China လေကြောင်းလိုင်းက ၎င်းတို့၏ ဥရောပကွန်ရက်ကို ခရီးဆုံးနေရာ ၂၃ ခုအထိ တိုးချဲ့မည်ဖြစ်ကာ အပတ်စဉ်ပုံမှန်ခရီးစဉ်များ ပြေးဆွဲခြင်း၊ ပြည်သူအချင်းချင်း ကူးလူးဆက်ဆံမှု၊ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု၊ အာရှနှင့် ဥပရောပကြား ယဉ်ကျေးမှုဆက်ဆံရေး စသည့် ကွန်ရက်ချိတ်ဆက်မှုမြှင့်တင်ပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း လေကြောင်းလိုင်းထံမှ သိရသည်။
ဘရပ်ဆဲလ်လေဆိပ်၏ လေကြောင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ညွှန်ကြားရေးမှူး Leon Verhallen က Air China လေကြောင်းလိုင်း၏ ဘယ်လ်ဂျီယမ်ဈေးကွက်အတွင်း ဝင်ရောက်လာခြင်းသည် ဘယ်လ်ဂျီယမ်နိုင်ငံ၏ ဝင်ပေါက်တစ်ခုအဖြစ် ဘရပ်ဆဲလ်လေဆိပ်၏ ရပ်တည်ချက် ခိုင်မာအားကောင်းစေရန် အထောက်အကူပြုမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါ တိုက်ရိုက်လေကြောင်းခရီးစဉ်များအား တရုတ်နိုင်ငံ၏ ဗီဇာကင်းလွတ်ခွင့်မူဝါဒက အထောက်အကူပြုလျက်ရှိကာ ပိုမိုလွယ်ကူအဆင်ပြေသော ခရီးသွားလာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများကလည်း ဘယ်လ်ဂျီယမ်နိုင်ငံသားများကို တရုတ်နိုင်ငံသို့ ပိုမိုလာရောက်လည်ပတ်ရန် တွန်းအားပေးလိုက်ခြင်းဖြစ်ကြောင်း စက်တင်ဘာလက ပေကျင်းမြို့သို့ ခရီးပြုခဲ့သည့် ၎င်း၏သမီးဖြစ်သူအား သာဓကအဖြစ်ဖော်ပြလျက် Leon Verhallen က ပြောခဲ့သည်။
“လေဆိပ်မှာက ပေကျင်း၊ ရှန်ဟိုင်း၊ ချုံချင့်နဲ့ ဆန်းကျန့် စတဲ့မြို့တွေဆီပြေးဆွဲတဲ့ ခရီးစဉ်တွေက ရှိပြီးသားဖြစ်ပါတယ်။ အခုဆိုရင် တရုတ်နိုင်ငံဆီ ပိုပြီး သွားရောက်နိုင်ပြီဖြစ်သလို နာမည်ကျော် ပန်ဒါကြီးတွေရဲ့ဌာနေ ချိန်တူးမြို့လည်း တံခါးပွင့်သွားပြီဖြစ်သလို ခရီးသွားလုပ်ငန်း မြှင့်တင်ရေးအတွက် သေသေချာချာ အထောက်အကူပြုနိုင်မှာဖြစ်ပါတယ်” ဟု ၎င်းက ပြောခဲ့သည်။ အဆိုပါ လေကြောင်းလိုင်းသစ်ချိတ်ဆက်မှုများက ဘယ်လ်ဂျီယမ်နိုင်ငံနှင့် တရုတ်နိုင်ငံအကြား ယဉ်ကျေးမှုနှင့် စီးပွားရေးဆက်ဆံမှုကို ထပ်မံမြှင့်တင်ပေးမည်ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောခဲ့သည်။
ပထမဆုံးလေကြောင်းခရီးစဉ်နှင့် လိုက်ပါလာသော ခရီးသည် Bonnie Schieren က ဤခရီးစဉ်မှာ ၎င်းအတွက် ပထမဆုံး တရုတ်နိုင်ငံခရီးစဉ်ဖြစ်ကြောင်း၊ ထိုဝန်ဆောင်မှုအသစ်က ကမ္ဘာ့တိုက်ကြီးနှစ်ခုအကြား ခရီးသွားလာမှု ပိုမိုလွယ်ကူ၍ ပိုမိုသက်သောင့်သက်သာဖြစ်စေမည်ဟု ယုံကြည်ကြောင်း ဆင်ဟွာကို ပြောသည်။ “ဒါဟာ တရုတ်နိုင်ငံကို နောက်ဆုံးသွားရောက်တဲ့ ခရီးစဉ်မဟုတ်ဘူးဆိုတာ သိပ်သေချာတာပေါ့” ဟု ၎င်းက ဆိုသည်။ (Xinhua)

ဘယ်လ်ဂျီယမ်နိုင်ငံ ဘရပ်ဆဲလ်မြို့တွင် Air China လေကြောင်းလိုင်းက ပြေးဆွဲသည့် ဘရပ်ဆဲလ်မြို့မှ ပေကျင်းမြို့သို့ ပထမဆုံး တိုက်ရိုက်လေကြောင်းခရီးစဉ် ဖဲကြိုးဖြတ် ဖွင့်လှစ်ခြင်း အခမ်းအနား တက်ရောက်လာသော ဧည့်သည်တော်များကို ၂၀၂၆ ခုနှစ် မတ် ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘယ်လ်ဂျီယမ်နိုင်ငံ ဘရပ်ဆဲလ်မြို့တွင် Air China လေကြောင်းလိုင်းက ပြေးဆွဲသည့် ဘရပ်ဆဲလ်မြို့မှ ပေကျင်းမြို့သို့ ပထမဆုံး တိုက်ရိုက်လေကြောင်းခရီးစဉ်ဖွင့်လှစ်စဉ် ယင်းခရီးစဉ်နှင့်မလိုက်ပါမီ ခရီးသည်တစ်ဦးက အမှတ်တရလက်ဆောင်အား ပြသနေပုံကို ၂၀၂၆ ခုနှစ် မတ် ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)




……………………………………..
(English Version)
Air China launches new direct flights connecting Brussels with Beijing, Chengdu
BRUSSELS, March 24 (Xinhua) — Chinese carrier Air China launched a direct passenger service between Brussels and Beijing, China’s capital, on Tuesday, and will launch another between Brussels and Chengdu, the capital of southwest China’s Sichuan Province, on Thursday, adding new air links between Belgium and China.
The Brussels to Beijing service will operate daily while the Brussels to Chengdu route will operate three times a week, on Tuesdays, Thursdays and Sundays, the airline said.
With the launch of the two routes, Air China will expand its European network to 23 destinations, operating regular weekly scheduled flights and boosting connectivity for people-to-people exchanges, business cooperation, and cultural ties between Asia and Europe, according to the airline.
Leon Verhallen, director of aviation development at Brussels Airport, said Air China’s entry into the Belgian market would help strengthen Brussels Airport’s position as the gateway to Belgium.
He said the new direct flights would support China’s visa-free policy, as easier travel procedures had already encouraged more Belgians to consider visiting China, citing his daughter, who is set to travel there in September, as an example.
“The airport already has flights to Beijing, Shanghai, Chongqing and Shenzhen. Now, having more capacity to China and also opening Chengdu, home to the famous giant pandas, will definitely help tourism promotion,” he said, adding that the new connections would also further enhance cultural and economic ties between Belgium and China.
Bonnie Schieren, a passenger on the inaugural flight, told Xinhua that it was her first visit to China and said she believed the new service would make travel between the two continents much easier and more comfortable. “I’m sure it won’t be my last time going to China,” she said.
Photo 1: The inaugural direct flight of Air China from Brussels to Beijing gets a water salute at Brussels Airport in Brussels, Belgium, March 24, 2026. (Air China/Handout via Xinhua)
Photo 2: Guests attend a ribbon-cutting ceremony for the inaugural direct flight from Brussels to Beijing operated by Air China at Brussels Airport in Brussels, Belgium, March 24, 2026. (Xinhua/Lyu You)
Photo 3: A passenger shows a souvenir received before boarding the inaugural direct flight from Brussels to Beijing operated by Air China at Brussels Airport in Brussels, Belgium, March 24, 2026. (Xinhua/Lyu You)
