Connect with us

Media

ဒေါ်နယ်ထရမ့်က အမေရိကန်အနေဖြင့် အီရန်၏ ခါ့ဂျ်ကျွန်းကို သိမ်းယူဖွယ်ရှိဟုဆို

ဝါရှင်တန်၊ ဧပြီ ၁ ရက် (ဆင်ဟွာ)

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ၎င်းအနေဖြင့် အီရန်၏ ရေနံများကို ရယူရန် ဆန္ဒရှိကြောင်း၊ အီရန်၏ ရေနံတင်ပို့မှု ဗဟိုချက်ဖြစ်သော ခ့ါဂျ်ကျွန်းကို သိမ်းယူဖွယ်ရှိကြောင်း မတ် ၂၉ ရက်က ပြောကြားခဲ့သည်။
“ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ ကျွန်တော်အဖြစ်ချင်ဆုံးအရာက အီရန်က ရေနံတွေကို ရယူဖို့ပါပဲ” ဟု Financial Times သတင်းစာနှင့် အင်တာဗျူးတစ်ခုတွင် ထရမ့်က ပြောကြားခဲ့ကာ ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ် မာဒူရိုကို ဇန်နဝါရီလအတွင်းက အင်အားသုံး ဖမ်းဆီးခေါ်ဆောင်ခဲ့ပြီးနောက် ဗင်နီဇွဲလား ရေနံလုပ်ငန်းကို အချိန်အကန့်အသတ်မရှိ ထိန်းချုပ်ထားရန် ရည်ရွယ်သည့် အမေရိကန်၏ လုပ်ရပ်နှင့် နှိုင်းယှဉ်ပြောဆိုခဲ့သည်။

အီရန်၏ ရေနံများကို ရယူရာတွင် အီရန်၏ ရေနံ ၉၀ ရာခိုင်နှုန်းကျော်ကို တင်ပို့နေသည့် ခါ့ဂျ်ကျွန်းအား သိမ်းယူခြင်းလည်း ပါဝင်မည်ဖြစ်ကြောင်း Financial Times က ဖော်ပြခဲ့ပြီး ထိုကဲ့သို့ တိုက်ခိုက်မှုက ထိခိုက်သေဆုံးမှု မြင့်တက်စေကာ စစ်ပွဲကို ပိုမိုကြာမြင့်စေဖွယ်ရှိကြောင်း သတိပေးခဲ့သည်။
“ကျွန်တော်တို့ ခ့ါဂျ်ကျွန်းကို သိမ်းယူတာမျိုးလည်းဖြစ်နိုင်တယ်။ အဲဒီလိုမလုပ်တာမျိုးလည်း ဖြစ်နိုင်တယ်။ ကျွန်တော်တို့အတွက် ရွေးချယ်စရာတွေ အများကြီးပါပဲ။ ကျွန်တော်တို့ အဲဒီမှာ အချိန်ကာလတစ်ခုလောက် ရှိနေရမယ်ဆိုတဲ့ အဓိပ္ပာယ်မျိုးလည်း ဖြစ်နိုင်တယ်” ဟု ထရ့မ်က ပြောကြားခဲ့ကြောင်း အဆိုပါ သတင်းစာက ဖော်ပြခဲ့သည်။
အဆိုပါကျွန်းတွင် အီရန်ဘက်က ခုခံကာကွယ်မှု အနည်းအကျဉ်းသာရှိကြောင်း သို့မဟုတ် ခုခံကာကွယ်မှု လုံးဝမရှိဟု ယူဆကြောင်း ထရ့မ်က ဆက်လက်ပြောသည်။ “ကျွန်တော်တို့ အဲဒီကျွန်းကို အလွယ်တကူ သိမ်းယူနိုင်တယ်” ဟုလည်း ၎င်းက ပြောသည်။
အမေရိကန်အနေဖြင့် အရှေ့အလယ်ပိုင်းဒေသတွင် စစ်အင်အားတပ်ဖြန့်မှု အရှိန်မြှင့်လုပ်ဆောင်နေသကဲ့သို့ အီရန်ထံမှ ပေါင် ၁,၀၀၀ နီးပါး အလေးချိန်ရှိ ယူရေနီယမ်များကို ရယူမည့် စစ်ဆင်ရေးတစ်ရပ် လုပ်ဆောင်ရန်လည်း ချိန်ဆနေချိန်တွင် ထရမ့်၏ ပြောကြားချက် ထွက်ပေါ်လာခြင်းဖြစ်သည်ဟု အမေရိကန် တာဝန်ရှိသူများ၏ အဆိုအရ သိရသည်။

ထို့ပြင် စစ်ပွဲအဆုံးသတ်ရေးအတွက် သတ်မှတ်ချက်တစ်ခုအနေဖြင့် အဆိုပါ ကုန်ကြမ်းများ လွှဲအပ်ရေးအတွက် အီရန်ဘက်က သဘောတူလက်ခံလာအောင် တွန်းအားပေးရန်လည်း ထရမ့်က ၎င်း၏အကြံပေးများကို တိုက်တွန်းထားသည်ဟု ထရမ့်၏ ယူဆချက်နှင့်စပ်လျဉ်း၍ သိရှိထားသည့် အမည်မဖော်လိုသော သတင်းရင်းမြစ်၏ ပြောကြားချက်ကို ကိုးကား၍ ဝေါလ်စထရိဂျာနယ်က ဖော်ပြခဲ့သည်။
ပင်တဂွန်က အရှေ့အလယ်ပိုင်းဒေသသို့ ခြေလျင်တပ်ဖွဲ့ဝင် ၁၀,၀၀၀ အထိ ထပ်တိုးစေလွှတ်မည်ဟု သတင်းထွက်ပေါ်လျက်ရှိကာ အမေရိကန် ဗဟိုကွပ်ကဲမှုဌာနချုပ်ကလည်း မရိန်းတပ်ဖွဲ့ဝင် ၂,၅၀၀ အပါအဝင် တပ်ဖွဲ့ဝင် ၃,၅၀၀ ကျော်မှာ ယင်းဒေသသို့ ရောက်ရှိနေပြီဖြစ်ကြောင်း မတ် ၂၈ ရက်က ကြေညာခဲ့သည်။
ထိုကဲ့သို့ ခြိမ်းခြောက်ပြောဆိုထားသော်လည်း ထရမ့်က ပါကစ္စတန် ကိုယ်စားလှယ်များမှတစ်ဆင့် အမေရိကန်နှင့် အီရန်အကြား တစ်ဆင့်ခံ ဆွေးနွေးမှုမှာ တိုးတက်မှုရရှိနေပြီဟု ဆိုသည်။ “သဘောတူညီချက်တစ်ရပ်ကို မြန်မြန်ဆန်ဆန် ရယူနိုင်ဖွယ်ရှိတယ်” ဟုလည်း ၎င်းက ပြောသည်။
အမေရိကန်နှင့် အစ္စရေးတို့က ဖေဖော်ဝါရီ ၂၈ ရက်တွင် အီရန်အား တိုက်ခိုက်မှုများ အပြင်းအထန် လုပ်ဆောင်ခဲ့ချိန်မှစ၍ ရေနံဈေးနှုန်းများ တစ်ဟုန်ထိုးမြင့်တက်လာခဲ့ကာ မတ်လအတွင်း ဘရန့်ရေနံစိမ်း တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၁၁၉.၅ ဒေါ်လာအထိ မြင့်တက်ခဲ့သဖြင့် ၂၀၂၂ ခုနှစ် ဇွန်လနောက်ပိုင်း အမြင့်ဆုံးသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)