Myanmar
မြန်မာနိုင်ငံက ဒီဇယ်ဆီ တင်သွင်းမှုအပေါ် ဝင်ငွေခွန် ၂ ရာခိုင်နှုန်း ကင်းလွတ်ခွင့်ပြုသွားမည်
ရန်ကုန်၊ ဧပြီ ၂ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံက ဒီဇယ်ဆီ တင်သွင်းမှုအပေါ် ဝင်ငွေခွန် ၂ ရာခိုင်နှုန်း ကင်းလွတ်ခွင့်ပြုသွားမည်ဖြစ်ကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်ကို ဧပြီလ ၂ ရက်ထုတ် နိုင်ငံပိုင် ကြေးမုံသတင်းစာ၌ ဖော်ပြထားသည်။
ယင်းထုတ်ပြန်ချက်တွင် ကုန်ဈေးနှုန်းတည်ငြိမ်လျော့ကျစေရေးအတွက် ဒီဇယ်ဆီ HSD (500 ppm) တင်သွင်းကောက်ခံသော အကောက်ခွန်၊ အထူးကုန်စည်ခွန်၊ ကုန်သွယ်ရေးလုပ်ငန်းခွန်နှင့် ကြိုတင်ကောက်ခံသည့် ဝင်ငွေခွန် (၂ ရာခိုင်နှုန်း) တို့ကို ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁ ရက်မှ ဧပြီလ ၃၀ ရက်အထိ ကင်းလွတ်ခွင့်ပြုသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
အဆိုပါ အခွန်ကင်းလွတ်ခွင့်သည် ဖော်ပြပါကာလအတွင်း အကောက်ခွန်ဦးစီးဌာန၌ Import Declaration (ID) ဖွင့်လှစ်၍ တင်သွင်းသည့် ဒီဇယ်ဆီ HSD (500 ppm) များအတွက်သာ အကျုံးဝင်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
အရှေ့အလယ်ပိုင်းဒေသပဋိပက္ခများကြောင့် ကမ္ဘာ့စက်သုံးဆီဈေးနှုန်းမြင့်တက်နေချိန်တွင် ပြည်တွင်းရှိ စက်သုံးဆီဈေးနှုန်းများလည်း တဖြည်းဖြည်းမြင့်တက်လျက်ရှိရာ စက်သုံးဆီ (ဒီဇယ်ဆီ) အသုံးပြုမောင်းနှင်ရသည့် မော်တော်ယာဉ်များဖြင့် သယ်ဆောင်အသုံးပြုလျက်ရှိသည့် အခြေခံစားသောက်ကုန်၊ ကုန်စည်ဈေးနှုန်းများကို ထိန်းညှိပေးရန်ဆောင်ရွက်လျက်ရှိကြောင်း ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ (Xinhua)
