Politics, Law & Military
မြန်မာနိုင်ငံက ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ရန် ကျန်ရှိသည့် ကုမ္ပဏီ ၂၈၇ ခုအား အမည်မည်းစာရင်းထည့်သွင်း
ရန်ကုန်၊ ဧပြီ ၄ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံက ပို့ကုန်ရငွေပြန်လည်ဝင်ရောက်ရန် ကျန်ရှိသည့် ကုမ္ပဏီ ၂၈၇ ခုသည် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေ၊ စည်းမျဉ်း၊ အမိန့်ကြော်ငြာစာတို့ပါ သတ်မှတ်ချက်များအား လိုက်နာခြင်းမရှိသဖြင့် ကုမ္ပဏီနှင့် ကုမ္ပဏီ၏ ဒါရိုက်တာအဖွဲ့ဝင်များအား အမည်မည်းစာရင်း ထည့်သွင်းကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဧပြီလ ၃ ရက်တွင် ကြေညာခဲ့သည်။၂၀၂၆ ခုနှစ် မတ်လ ၂၆ ရက်နေ့ စိစစ်ချက်အရ အဆိုပါကုမ္ပဏီများသည် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်မှ ၂၀၂၅ ခုနှစ်၊ မတ်လ ၃၁ ရက်အထိ ကာလအတွင်း ပို့ကုန်တင်ပို့ခဲ့ပြီး ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ရန်ပျက်ကွက်မှုကို စိစစ်တွေ့ရှိခဲ့၍ ထိုသို့ အရေးယူခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
နိုင်ငံတော်အတွင်းသို့ နိုင်ငံခြားသုံးငွေများ ဝင်ရောက်လာသည့် အဓိကလမ်းကြောင်းဖြစ်သော ပို့ကုန်တင်ပို့မှုမှ ရငွေများအပြည့်အဝရရှိရန်မှာ အဓိကကျသည့် အချက်ဖြစ်သဖြင့် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၃၈-ခ နှင့် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုစည်းမျဉ်း အပိုဒ်-၃၅၊ အမိန့်ကြော်ငြာစာအမှတ် ၂၇/၂၀၂၃ တို့တွင် အာရှနိုင်ငံများသို့ တင်ပို့ခြင်းဖြစ်ပါက ပို့ကုန်တင်ပို့သည့်နေ့မှ ၃၀ ရက်အတွင်း၊ အာရှနိုင်ငံများမှအပ အခြားနိုင်ငံများသို့ တင်ပို့ခြင်းဖြစ်ပါက ပို့ကုန်တင်ပို့သည့်နေ့မှ ၆၀ ရက်အတွင်း ပို့ကုန်တင်ပို့သူ၏ မြန်မာနိုင်ငံအတွင်းရှိ ဘဏ်ငွေစာရင်းသို့ နိုင်ငံခြားငွေဖြင့် မပျက်မကွက် ထည့်သွင်းရန်ဖြစ်ကြောင်း ပြဋ္ဌာန်းသတ်မှတ်ထားကြောင်း သိရသည်။
နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေ (FEML) အခန်း (၁၁)၊ ပုဒ်မ ၃၈-ခ တွင် “မည်သူမျှ ပို့ကုန်ရငွေအားလုံးကို သတ်မှတ်ကာလအတွင်း နိုင်ငံတော်အတွင်းရှိ ယင်း၏ ဘဏ်ငွေစာရင်းသို့ နိုင်ငံခြားသုံးငွေဖြင့် ထည့်သွင်းရန် ပျက်ကွက်ခြင်းမရှိစေရ” ဟုလည်းကောင်း၊ အဆိုပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ပါက FEML ပုဒ်မ ၄၂-က အရ “ထိုသူကို တစ်နှစ်ထက်မပိုသည့် ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်” ဟုလည်းကောင်း ပြဋ္ဌာန်းထားပါသဖြင့် ပို့ကုန်တင်ပို့သူများအနေဖြင့် သတ်မှတ်ကာလအတွင်း ပို့ကုန်ရငွေများ ပြန်လည်ဝင်ရောက်ရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။
ပို့ကုန်လုပ်ငန်းရှင်များသည် ပို့ကုန်ရငွေများကို သတ်မှတ်ကာလအတွင်း ယင်း၏ ဘဏ်ငွေစာရင်းသို့ နိုင်ငံခြားသုံးငွေ စာရင်းရှင်းလင်းခြင်းမရှိသည့် ကုမ္ပဏီများအား ပို့ကုန်သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင်လက်မှတ် ပိတ်သိမ်းခြင်းကို ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ (Xinhua)
