Africa & Middle East
အစ္စရေးနိုင်ငံရှိ Eilat လေဆိပ်အား ရာသက်ပန်ပိတ်သိမ်း
ဂျေရုဆလင်၊ မတ် ၁၉ ရက် (ဆင်ဟွာ)
အစ္စရေးနိုင်ငံတောင်ပိုင်း ပင်လယ်နီအပန်းဖြေမြို့ဖြစ်သည့် Eilat မြို့ တွင် တည်ရှိသော Eilat လေဆိပ်အား မတ် ၁၈ရက်တွင် အပြီးအပိုင်ပိတ်သိမ်းခဲ့ကြောင်း သိရသည်။
နောက်ဆုံးလေယာဉ်ပျံသန်းမှုအဖြစ် Israir Airlines မှ လေယာဉ်အမှတ် ၄၄၄ သည် အစ္စရေးနိုင်ငံ အလယ်ပိုင်း ရှိ Tel Aviv မြို့သို့ ၁ရး၅၅နာရီ တွင် လေဆိပ်မှ ထွက်ခွာလာခဲ့ပြီး လေဆိပ်၏ နှစ် ၇၀ကြာ လုပ်ငန်းလည်ပတ်မှုများ ရပ်ဆိုင်းသွားခဲ့ကြောင်းသိရသည်။
နောက်ဆုံးလေယာဉ်ထွက်ခွာသွားခြင်းနှင့်အတူ လေဆိပ်ဝန်ထမ်းများသည် လေဆိပ်ပိတ်သိမ်းခြင်း အထိမ်းအမှတ်အဖြစ် အစ္စရေးနိုင်ငံ၏ နိုင်ငံတော်အလံ နှင့် အစ္စရေးလေဆိပ်အာဏာပိုင်အဖွဲ့၏ အလံ အား ခေါက်သိမ်းကာ နှုတ်ဆက်ပွဲတစ်ခုကျင်းပခဲ့ကြောင်း သိရသည်။
Eilat လေဆိပ်အား အဓိကအားဖြင့် Ben Gurion အပြည်ပြည်ဆိုင်ရာလေဆိပ် နှင့် Tel Avivမြို့ရှိ Sde Dov လေဆိပ် သို့ သွားရောက်သည့် ပြည်တွင်းလေကြောင်းလိုင်းများအတွက် အသုံးပြုခဲ့သည့်အပြင် ဆောင်းရာသီ၌ ပူနွေးသော Eilat မြို့သို့ ဥရောပမှ လာရောက်သည့် ခရီးသည်များ၏ နိုင်ငံတကာလေကြောင်းလိုင်းများ အတွက်လည်း အဓိကအသုံးပြုခဲ့ကြောင်း သိရသည်။
Eilat မြို့မြောက်ဘက် ၁၉ကီလိုမီတာ ခန့်ရှိ လေဆိပ်အသစ်ဖြစ်သည့် Ramon အပြည်ပြည်ဆိုင်ရာလေဆိပ် အား ဖွင့်လှစ်ပြီး ၂လအကြာတွင် လေဆိပ်ဟောင်းအား ပိတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)