Culture & Entertainment
ရှမ်းပြည်နယ်၊ ကျောက်မဲမြို့၌ ပထမအကြိမ် လမ်းလျှောက်သြင်္ကန် ကျင်းပမည်
ရန်ကုန်၊ ဧပြီ ၃ ရက် (ဆင်ဟွာ)
ရှမ်းပြည်နယ်၊ ကျောက်မဲမြို့၌ ၂၀၁၉ ခုနှစ်တွင် ကျင်းပမည့် မဟာသြင်္ကန်ပွဲတော် တွင် လမ်းလျှောက်သြင်္ကန်ကို ပထမဆုံးအကြိမ်အဖြစ် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးစံများနှင့်အညီ မဟာသြင်္ကန် ရေသဘင်ပွဲတော်၌ ပြည်သူများ ပျော်ရွှင်ချမ်းမြေ့စွာဖြင့် ပါဝင်ဆင်နွှဲနိုင်ရေး၊ တိုင်းရင်းသား ညီအစ်ကို မောင်နှမများ ရင်းနှီး ချစ်ကြည်စွာ ပါဝင်ဆင်နွှဲ နိုင်ရေး၊ ရိုးရာယဉ်ကျေးမှု အစဉ်အလာမပျက် ထိန်းသိမ်းစောင့်ရှောက်တတ်စေရန် ရည်ရွယ်၍ ယခုနှစ်တွင် လမ်းလျှောက်သြင်္ကန်ကို ထည့်သွင်းကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါလမ်းလျှောက်သြင်္ကန်ကို လူစည်ကားရာနေရာဖြစ်သည့် ဗဟိုဈေးကြီးမြောက်ဘက် ပဉ္စသီလမ်းတွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး လမ်းတစ်လျှောက်တွင် လူမှုရေးအသင်းအဖွဲ့များ၊ ကုမ္မဏီများ၊ အလှူရှင်များ၏ ရေကစားမဏ္ဍပ်များနှင့် မြန်မာရိုးရာ အစားအစာ စတုဒီသာ မဏ္ဍပ်များထားရှိမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)