Europe
တူရကီက ရုရှားထံမှ S-400 ဝယ်ယူမှုကို နောက်ဆုတ်မည်မဟုတ်ကြောင်း ထပ်မံအတည်ပြု
အန်ကာရာ ၊ ဧပြီ ၄ ရက်(ဆင်ဟွာ)
တူရကီနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနဝန်ကြီး Mevlut Cavusoglu က တူရကီနိုင်ငံအနေဖြင့် ရုရှားထံမှ S-400 လေကြောင်းရန်ကာကွယ်ရေးစနစ်ဒုံးကျည်များဝယ်ယူရေး သဘောတူညီချက်မှ နောက်ပြန်ဆုတ်မည်မဟုတ်ကြောင်း ဧပြီ ၃ ရက်တွင် ပြောကြားခဲ့သည်။
“ S-400 ဝယ်ဖို့က သဘောတူထားပြီးသားကိစ္စပါ။ အဲဒီသဘောတူညီချက်ကနေ နောက်ပြန်လှည့် မှာမဟုတ်ပါဘူး” ဟု အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့တွင် ပြုလုပ်သည့် နေတိုးအဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးများတက်ရောက်သော နေတိုးမဟာမိတ်တပ်ဖွဲ့ထူထောင်ခြင်း နှစ် ၇ဝ ပြည့် အခမ်းအနား၏ ပညာရှင်များဆွေးနွေးပွဲတစ်ခုတွင် Cavusoglu က ပြောကြားခဲ့ခြင်းဖြစ်သည်။
ပင်တဂွန်စစ်ဌာနချုပ်က တူရကီထံ F-35 တိုက်လေယာဉ်နှင့်ဆက်စပ်သည့် အစိတ်အပိုင်းများ လွှဲပြောင်းရေးအစီအစဉ်မှာ ရပ်တန့်သွားပြီဖြစ်ကြောင်း ၊ အကြောင်းမှာ တူရကီသည် ရုရှားထံမှ S-400 လေကြောင်းရန် ကာကွယ်ရေးစနစ်ကို ဝယ်ယူခဲ့ခြင်းကြောင့် ဖြစ်ကြောင်း ဆိုသည်။
“ ကျွန်တော်တို့နဲ့ရုရှားနိုင်ငံရဲ့ ဆက်ဆံရေးဟာ ကျွန်တော်တို့နဲ့အခြားနိုင်ငံတွေရဲ့ ဆက်ဆံရေးအပေါ် အလှည့်အပြောင်းတစ်ခုအဖြစ် မမြင်ပါဘူး။ ဘယ်သူမဆို အနောက်နိုင်ငံဖြစ်စေ ဒါမှမဟုတ် ရုရှားဖြစ်စေ အဲဒီနှစ်ဘက်အကြား ဘယ်သူ့ကိုရွေးမလဲ ကျွန်တော်တို့ကို မေးလို့ရတယ်” ဟု Cavusoglu ကဆိုသည်
S-400 အနေဖြင့် နေတိုး၏ ကာကွယ်ရေးစနစ်အတွင်းသို့ထိုးဖောက်ဝင်ရောက်နိုင်မည်မဟုတ်ဟု တူရကီနိုင်ငံခြားရေးဝန်ကြီးကပြောကြားခဲ့ပြီး အမေရိကန်အနေဖြင့် S-400 သည် F-35 (သို့မဟုတ်) အခြားသော နေတိုးကာကွယ်ရေးစနစ်အား ခြိမ်းခြောက်မှုတစ်ခုမဟုတ်သည်ကို သေချာစေရန် နည်းပညာ အလုပ်အစုအဖွဲ့တစ်ခုထူထောင်၍ ဆောင်ရွက်နိုင်ကြောင်း ၎င်းကဆိုသည်။
၂ဝ၁၇ ခုနှစ် ဒီဇင်ဘာလက တူရကီနိုင်ငံသည် S-400 မြေပြင်မှ ဝေဟင်သို့ပစ်ခတ်သည့် လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်စနစ် ဝယ်ယူရန် ရုရှားနိုင်ငံနှင့် အပြီးသတ်သဘောတူညီမှုတစ်ခု ပြုလုပ်ခဲ့သည်။အဆိုပါ ဒုံးကျည်ပစ်စင်များ ပထမအသုတ်ပေးပို့ခြင်းကို ၂ဝ၁၉ ခုနှစ် နှစ်ကုန်ပိုင်းတွင် ပြုလုပ်သွားရန် ရှိသည်။
တစ်ချိန်တည်းမှာပင် တူရကီသည် အမေရိကန်နိုင်ငံထံမှ F-35 ဂျက်တိုက်လေယာဉ် အစင်း ၁ဝဝ ကို ဝယ်ယူရန် စီစဉ်ထားပြီး ယင်းတို့၏ လေယာဉ်မှူးများသည်လည်း အမေရိကန်နိုင်ငံ အရီဇိုးနားပြည်နယ်ရှိ Luke လေတပ်အခြေစိုက်စခန်းတွင် လေ့ကျင့်မှုများသွားရောက် လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။(Xinhua)