Connect with us

WORLD

အမေရိကန်နိုင်ငံတွင် COVID-19 ရောဂါဖြင့်သေဆုံးသူ တစ်သိန်းနီးပါးရှိလာ ၊ “ မရေတွက်နိုင်သော ဆုံးရှုံးမှု” ဟု နယူးယောက်တိုင်းမ်စ်သတင်းစာ ဖော်ပြ

အမေရိကန်နိုင်ငံ နယူးယောက်တိုင်းမ်စ်သတင်းစာမျက်နှာဖုံးပေါ်တွင် COVID-19 ဖြင့်သေဆုံးခဲ့ရသူများ၏ အမည်စာရင်းအားဖော်ပြထားစဉ်(ဆင်ဟွာ)

နယူးယောက် ၊ မေ ၂၅ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ၌ မေ ၂၄ ရက်က ထုတ်ဝေခဲ့သော နယူးယောက်တိုင်းမ်စ်(New York Times) သတင်းစာ၏ မျက်နှာဖုံးပေါ်တွင် နိုင်ငံအတွင်း COVID-19 ဖြင့်သေဆုံးခဲ့ရသူ တစ်ထောင်၏ နာမည်များကို ပုံနှိပ်ဖော်ပြခဲ့ပြီး ယင်းလူတစ်ထောင်သည် အမှန်တကယ်သေဆုံးသွားသော လူဦးရေ၏ တစ်ရာခိုင်နှုန်းခန့်သာ ဖော်ပြနိုင်ခဲ့ခြင်းဖြစ်ရာ “ မရေမတွက်နိုင်သော ဆုံးရှုံးမှု” ဟူ၍ သတင်းစာက ကင်မွန်းတပ်ခဲ့သည်။

“ သူတို့ကို အမည်စာရင်းထဲမှာ အပြည့်အစုံ ပုံနှိပ်မဖော်ပြနိုင်ပါဘူး။ သူတို့ဟာ ကျွန်တော်တို့တွေပါပဲ” ဟု သတင်းစာက ဆိုသည်။ “ အမေရိကန်မှာ ကိုရိုနာဗိုင်းရပ်စ်ရဲ့ သက်ရောက်မှုကို တိုင်းတာဖို့ မဖြစ်နိုင်လောက်အောင်ပါပဲ ၊ လူနာဘယ်လောက်ရှိနေလဲ ၊ အလုပ်အကိုင် ဘယ်လောက်ရပ်နားခဲ့ရလဲ သို့မဟုတ် ဘယ်လောက်သေဆုံးခဲ့ရလဲ” ဟူ၍ ၎င်းကဆိုသည်။

အမေရိကန်နိုင်ငံ နယူးယောက်တိုင်းမ်စ်သတင်းစာ အတွင်းစာမျက်နှာများတွင် COVID-19 ဖြင့်သေဆုံးခဲ့ရသူများ၏ အမည်စာရင်းအားဖော်ပြထားစဉ်(ဆင်ဟွာ)

“ ဒီနှစ်မေလကုန်ထိ အမေရိကန်နိုင်ငံထဲမှာ ကိုရိုနာဗိုင်းရပ်စ်နဲ့ သေဆုံးသူဟာ တစ်သိန်းနီးပါးရှိလာပါမယ် ၊ အဲဒီထဲက အများစုဟာ သုံးလအတွင်း သေဆုံးခဲ့ရတာပါ ။ တစ်ရက်ကို လူပေါင်း ပျမ်းမျှ ၁,၁၀၀ ကျော် သေဆုံးနေပါတယ် ” ဟု နယူးယောက်တိုင်းမ်စ်သတင်းစာ ပါ The Human Toll ဆောင်းပါးထဲတွင် ရေးသားထားသည်။ ယင်းဆောင်းပါကို သတင်းစာ၏ မျက်နှာဖုံးအပါအဝင် စာမျက်နှာ လေးမျက်နှာအပြည့် ဖော်ပြခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“၂၀၂၀ ပြည့်နှစ်မှာ ဒီဟာက ဘာကြောင့်အမေရိကန်မှာ ဖြစ်ခဲ့ရသလဲ ၊ ဒီဗိုင်းရပ်စ်ဟာ ဘာကြောင့် လူမဲတွေနဲ့ လက်တင်အမေရိကားသား အများအပြားရဲ့ အသက်ကို ဆုံးရှုံးစေခဲ့သလဲ ၊ ဘာကြောင့် လူနာစောင့်ရှောက်ရေးဂေဟာများစွာ ဖျက်ဆီးခံခဲ့ရသလဲ ။ ဘာကြောင့် ၊ ဘယ်လို ၊ ဘယ်သူ့ကို စတဲ့မေးခွန်းတွေဟာ ဆယ်စုနှစ်များစွာ ရှိလာတော့မှာပါ ” ဟု သတင်းစာကဆိုသည်။

“ အခုအခါမှာ အားလုံးသော ကျွန်တော်တို့ လုပ်နိုင်တာက စုပေါင်းအင်အားကို ဆုပ်ကိုင်ထားဖို့ ၊ ဘယ်လိုတွေဖြစ်ခဲ့လဲ ဆိုတာကို ခန့်မှန်းမှုအချို့ လုပ်သွားဖို့နဲ့ ဗီယက်နမ်ကနေ အီရတ် အထိ ဆယ်စုနှစ်များစွာ ဖြစ်ခဲ့တဲ့ စစ်ပွဲတွေထက် အခုချိန်မှာ လူတွေရဲ့အသက်ပေါင်းများစွာပိုပြီး ဆုံးရှုံးနေရတာကို ရပ်တံ့အောင် ကြိုးပမ်းသွားဖို့ပါပဲ” ဟု၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ဖြင့် သေဆုံးသူ ၉၇,၀၀၀ ကျော်ထိရှိလာခဲ့ပြီး ယင်းပမာဏမှာ ကမ္ဘာပေါ်ရှိ အခြားနိုင်ငံအားလုံးထက် ပိုမိုများပြားကြောင်း မေ ၂၄ ရက် ညနေပိုင်းက ထုတ်ပြန်သည့် ဂျွန်ဟော့ကင်းတက္ကသိုလ် သိပ္ပံ နှင့် အင်ဂျင်နီယာဌာန၏ ထုတ်ပြန်ချက် အရသိရသည်။(Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.