Connect with us

Politics, Law & Military

အာဖရိက၏ တရားမျှတမှုအတွက် တောင်းဆိုသံကို အမေရိကန်အနေဖြင့် အမှန်အတိုင်းနားဆင် ရှုမြင်သုံးသပ်စေလိုကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ပြောကြား 

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းအား ဇွန် ၁ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ် (ဓါတ်ပုံ- တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဝဘ်ဆိုက်)

ပေကျင်း၊ ဇွန် ၂ ရက်(ဆင်ဟွာ)

အာဖရိကနိုင်ငံများနှင့်ပြည်သူများသည် လူမျိုးရေးခွဲခြားဆက်ဆံမှုတွင် ဝမ်းနည်းကြေကွဲဖွယ်ကောင်းသည့် ဖြစ်ရပ်များနှင့် ကြုံတွေ့ခဲ့ကြကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် အာဖရိက၏ တရားမျှတရေးအတွက် တောင်းဆိုသံကို ထောက်ခံကြောင်း၊ အာဖရိကနှင့်အတူလူမျိုးရေးခွဲခြားဆက်ဆံမှုမှန်သမျှနှင့် ထိုသို့ဖြစ်ပွားအောင် သွေးထိုးလှုံ့ဆော်မှုများ၊ အမုန်းစကားများကို ခိုင်မာစွာ ဆန့်ကျင်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက ဇွန် ၁ ရက်တွင်  ပြောကြားခဲ့သည်။

အဆိုပါသတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်တစ်ဦးက “အမေရိကန်နိုင်ငံမှာ လူဖြူ ရဲတပ်ဖွဲ့ဝင်က ဥပဒေကို အကြမ်းဖက်ကျင့်သုံးခဲ့လို့ အာဖရိကန်နွယ်ဖွားတစ်ဦးသေဆုံးခဲ့ရတဲ့အတွက် အာဖရိကနိုင်ငံတွေဘက်က ပြင်းပြင်းထန်ထန် တုံ့ပြန်မှုတွေရှိသလို အာဖရိက သမဂ္ဂကော်မရှင်ဥက္ကဋ္ဌနှင့် အာဖရိကနိုင်ငံအချို့က ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုံ့ချနေကြပါတယ်၊ ဒီကိစ္စအပေါ် တရုတ်နိုင်ငံအနေနဲ့ ဘယ်လို တုံ့ပြန်လိုပါသလဲ”ဟူသော မေးမြန်းချက်ကို အထက်ပါအတိုင်း ပြန်လည်ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော်တို့အနေနဲ့  ဂျော့ဂျ်ဖလွိုက်(George Floyd)သေဆုံးမှုကြောင့် အမေရိကန်မှာ ဖြစ်ပွားနေတဲ့ အခြေအနေတွေကို အာရုံပြုမိပါတယ်။ လူမည်းရဲ့အသက်ကလည်း အသက်ပါပဲ။ သူတို့ရဲ့ လူ့အခွင့်အရေးကလည်း အာမခံမှုရရမှာဖြစ်တယ်။ အမေရိကန်မှာရှိတဲ့ လူနည်းစုလူမျိုးတွေ လူမျိုးရေးခွဲခြားဆက်ဆံမှုကို ခံနေရတာဟာ အမေရိကန်လူမှုအဖွဲ့အစည်းမှာ နာတာရှည်ရောဂါ ဖြစ်နေပါပြီ။ 

လက်ရှိအခြေအနေက သူ့ရဲ့ပြည်တွင်းရေးမှာ လူမျိုးရေးခွဲခြားဆက်ဆံမှု၊ ရဲတပ်ဖွဲ့ဝင်တွေရဲ့ တရားဥပဒေစိုးမိုးရေးကို အကြမ်းဖက်ကျင့်သုံးမှုစတဲ့ပြသာနာတွေရဲ့ ဆိုးဝါးမှုနဲ့ သက်ဆိုင်ရာပြသာနာတွေကို ဖြေရှင်းဖို့ အရေးတကြီးလိုအပ်မှုကို ထပ်မံ ထင်ဟပ်ခြင်း ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံ အစိုးရအနေနဲ့ လူမျိုးရေးခွဲခြားဆက်ဆံမှုမှန်သမျှပပျောက်ရေး အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း(ICERD)အရ ၎င်းထမ်းဆောင်သင့်တဲ့ တာဝန်ဝတ္တရားကို လက်တွေ့ကျင့်သုံးဆောင်ရွက်ကာ လူနည်းစုလူမျိုးတွေရဲ့ တရားဝင်အခွင့်အရေးကို ကာကွယ်စေလိုတယ်”ဟု ကျောက်လိကျန်းက ဆိုသည်။ 

အာဖရိကသမဂ္ဂ ကော်မရှင်ဥက္ကဋ္ဌMoussa Faki Mahamatက အမေရိကန်နိုင်ငံ လူဖြူရဲတပ်ဖွဲ့၏ အကြမ်းဖက်ပြုမူမှုကြောင့် အာဖရိကန်နွယ်ဖွား အမေရိကန်နိုင်ငံသား သေဆုံးခဲ့မှုအား ပြစ်တင်ရှုံ့ချကြောင်း  မေ ၂၉ ရက်တွင် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

လူမျိုးရေးခွဲခြားဆက်ဆံမှုကို ဆန့်ကျင်သည့် အာဖရိကသမဂ္ဂနှင့် အာဖရိကနိုင်ငံများ၏ တရားမျှတမှုအတွက် တောင်းဆိုသံသည် နိုင်ငံတကာအသိုက်အဝန်း၏အမြင်ကို ကိုယ်စားပြုရာ အမေရိကန်နိုင်ငံအနေဖြင့် အမှန်အတိုင်း နားဆင် ရှုမြင်သုံးသပ်စေလိုကြောင်း ကျောက်လိကျန်းက ပြောကြားခဲ့သည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.