Connect with us

Videos

မြန်မာ တစ်နိုင်ငံလုံးတွင် ဖမ်းဆီးရမိသော မူးယစ်ဆေးဝါး ကန်ဒေါ်လာ ၈၃၉ သန်းကျော်ဖိုးအား မီးရှို့ဖျက်ဆီး

 

ရန်ကုန် ဇွန် ၂၆ ရက်(ဆင်ဟွာ)

ယနေ့ ဇွန် ၂၆ ရက်တွင် ကျရောက်သော ၃၃ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှု နှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့တွင် ရန်ကုန် မန္တလေး တောင်ကြီး လားရှိုး နှင့် ကွတ်ခိုင်မြို့ မြို့ နိုင်ငံတစ်ဝန်းမှ ဖမ်းဆီးရမိသော အမေရိကန်ဒေါ်လာ ၈၃၉ သန်းကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး မူးယစ်ဆေးဝါး နှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ် တားဆီးကာကွယ်ရေး အဖွဲ့ အတွင်းရေးမှူး ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် မျိုးမင်းထိုက်က ပြောကြားခဲ့သည်။

ယခုနှစ်တွင် ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများ မူးယစ်ဆေးဝါး ထုတ်လုပ်ရာတွင် အသုံးပြုသော ဓာတုပစ္စည်းများ နှင့် ဆက်စပ်ပစ္စည်းများ ဖျက်ဆီးခြင်းကို မြို့ မြို့၌ ပြုလုပ်ခဲ့ရာတွင် မူးယစ်ဆေးဝါး နှင့် ဓာတုပစ္စည်း ၁၃၃ မျိုး စုစုပေါင်း တန်ဖိုး အမေရိကန် ဒေါ်လာ ၈၃၉ သန်းကျော်ဖိုးနှင့် မူးယစ်ဆေးဝါး ထုတ်လုပ်ရာတွင် အသုံးပြုသော ဆက်စပ်ပစ္စည်း အမျိုးပေါင်း ၅၀ တို့အား ဖျက်ဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထို့အတူ ရန်ကုန်တိုင်းဒေသကြီး ဧရာဝတီတိုင်းဒေသကြီး ရခိုင်ပြည်နယ် နှင့် မြန်မာနိုင်ငံ အောက်ပိုင်းဒေသများမှ ဖမ်းဆီးရမိသော အမေရိကန် ဒေါ်လာ ၁၄၄ ဒသမ ၀၄၈၂ သန်း တန်ဖိုးရှိ မူးယစ်ဆေးဝါး ၂၆ မျိုး နှင့် ဓာတုပစ္စည်း နှစ်မျိုးတို့အား လှိုင်သာယာမြို့နယ်ရှိ ရန်ကုန်အနောက်ပိုင်း ကုန်တင်ယာဉ် ရပ်နားကွင်း၌ ယနေ့ မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက နိုင်ငံ၏ မျိုးဆက်သစ် လူငယ်များကို လူညွန့်တုံးစေမည့် မူးယစ်ဆေးဝါး အန္တရာယ်ကို တားဆီးကာကွယ်ရန် နိုင်ငံတစ်ဝန်း မှီတင်းနေထိုင်ကြသော ပြည်သူတစ်ရပ်လုံး၏ အမျိုးသားရေး တာဝန်ကြီး တစ်ရပ် အဖြစ် အရှိန်အဟုန်မြှင့်တင် ကြိုးပမ်းကြရန် အထူးအရေးကြီးကြောင်း ရန်ကုန်တိုင်းဒေသကြီးအတွင်း မူးယစ်ဆေးဝါး တရားမဝင် သယ်ဆောင်ခြင်း ရောင်းဝယ်ခြင်း သုံးစွဲခြင်းတို့ကို အရှိန်အဟုန်မြှင့် တားဆီးနှိမ်နင်းနိုင်ရန် နယ်မြေခံရဲတပ်ဖွဲ့ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့များ နှင့် အကောက်ခွန် ဦးစီးဌာနတို့မှ သက်ဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့အစည်း အဆင့်ဆင့်နှင့် ပူးပေါင်း ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။ 

 

ယနေ့တွင် မန္တလေးတိုင်းဒေသကြီး စစ်ကိုင်းတိုင်းဒေသကြီး ကချင်ပြည်နယ် နှင့် မြန်မာနိုင်ငံ အထက်ပိုင်းဒေသများ အလယ်ပိုင်း ဒေသများမှ ဖမ်းဆီးရမိသောမူးယစ်ဆေးဝါးများကို မန္တလေးတိုင်းဒေသကြီး အောင်မြေသာဇံမြို့နယ် ရွှေမန်းတောင် အားကစားကွင်း၌လည်းကောင်း ရှမ်းပြည်နယ် နှင့် ကယားပြည်နယ်တို့မှ ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများကို ရှမ်းပြည်နယ် တောင်ကြီးမြို့ရှိ အဝေယာ မီးပုံးပျံကွင်း၌ လည်းကောင်း မီးရှို့ဖျက်ဆီးခဲ့ကြောင်းသိရသည်။

ယခုနှစ် နှစ်ဆန်းပိုင်းတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ ကွတ်ခိုင်မြို့နယ် တွင် အထူးစစ်ဆင်ရေး ပြုလုပ်သိမ်းဆည်းရမိသော မူးယစ်ဆေးဝါးများအား လားရှိုးမြို့ နယ်မြေခံတပ်ရင်းရှေ့ရှိ ဘောလုံးကွင်း၌ယနေ့ မီးရှို့ဖျက်ဆီးခဲ့ပြီး ကွတ်ခိုင်မြို့နယ် လွယ်ခန်ဒေသမှ သိမ်းဆည်းရမိသောဓာတုပစ္စည်းများနှင့် မူးယစ်ဆေးဝါး ထုတ်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်း များအား ဇွန် ၂၃ ရက်တွင် ကြိုတင်ဖျက်ဆီးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.