Connect with us

WORLD

Serum အင်စတီကျူ့ကို COVID-19 ကာကွယ်ဆေးစမ်းသပ်မှုများ ပြန်စတင်ရန် အိန္ဒိယ အထွေထွေဆေးဝါးကြီးကြပ်ကွပ်ကဲရေးဌာန ညွှန်ကြား

အိန္ဒိယနိုင်ငံ ဟိုင်ဒရာဘတ်မြို့ရှိ ကျန်းမာရေးစင်တာတွင် COVID-19 စမ်းသပ်မှုခံယူရန် စောင့်ဆိုင်းနေသူများကို တွေ့ရစဉ် (ဓာတ်ပုံ-Str/xinhua)

နယူးဒေလီ၊ စက်တင်ဘာ ၁၆ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ အထွေထွေဆေးဝါးကြီးကြပ်ကွပ်ကဲရေးဌာန (DCGI) သည် Serum Institute of India (SII) ကို AstraZeneca ဆေးဝါး ထုတ်လုပ်ရေးကုမ္ပဏီနှင့်အတူ အောက်စဖို့ဒ်တက္ကသိုလ်၏ Covishield ကာကွယ်ဆေး လက်တွေ့စမ်းသပ်မှု အဆင့်-၂ နှင့် အဆင့်-၃ ပြန်လည်စတင်ရန် ညွှန်ကြားခဲ့ကြောင်း ဒေသတွင်းမီဒီယာက စက်တင်ဘာ ၁၅ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

DCGI မှ VG Somani က စက်တင်ဘာ ၁၅ ရက်တွင် SII သို့ ပေးပို့သည့်စာတစ်စောင်တွင် အိန္ဒိယနိုင်ငံနှင့် ဗြိတိန်နိုင်ငံမှ အချက်အလက် ဘေးကင်းမှု စောင့်ကြည့်ရေးဘုတ်အဖွဲ့ (DSMB) ၏ ထောက်ခံချက်များကြောင့် အင်စတီကျူ့၏ အကြောင်းပြန်မှုအပေါ် “ဂရုတစိုက် ဆန်းစစ်ခဲ့ကြောင်း” ဟု ဖော်ပြခဲ့သည်။

လေ့လာမှုတွင်ပါဝင်သူတစ်ဦးက ရှင်းမပြနိုင်သည့် ဖျားနာမှုကြောင့်  အခြားသောနိုင်ငံများတွင်  AstraZeneca ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီ၏ လက်တွေ့စမ်းသပ်မှုများ ဆိုင်းငံ့ထားပြီးနောက် အထွေထွေဆေးဝါးကြီးကြပ် ကွပ်ကဲရေးဌာနကလည်း ပြီးခဲ့သည့်အပတ်က ကာကွယ်ဆေးစမ်းသပ်မှုကို ထိန်းချုပ်ထားခဲ့ခြင်း ဖြစ်ကြောင်းဆိုသည်။  

SII က ပထမဆုံး ကာကွယ်ဆေးထိုးပြီး ခုနစ်ရက်အလွန် နောက်ဆက်တွဲ ဘေးကင်းစိတ်ချရမှု အကျဉ်းချုပ် တင်သွင်းခဲ့ကြောင်း၊ အစီရင်ခံသည့်ရက်တိုင်အောင် ပြင်းထန်သည့်ဆိုးကျိုးသက်ရောက်မှု တစ်စုံတစ်ရာဖြစ်ပွားမှုမရှိဟု ဖော်ပြထားကြောင်း၊ ဖော်ပြထားသော ဆိုးကျိုးသက်ရောက်မှုဖြစ်ရပ်များမှာ ပြင်းထန်မှုမရှိကြောင်းနှင့် ၎င်းတို့ကိုယ်တိုင်အဖြေရှာနိုင်ပြီး နောက်ဆက်တွဲ ဆိုးကျိုးတစ်စုံတစ်ရာမရှိကြောင်း အစီရင်ခံစာများက ဖော်ပြထားသည်။

AstraZeneca ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီသည် ကာကွယ်ဆေးစမ်းသပ်မှုများ ကို ဗြိတိန်တွင်ပြန်လည်စတင်လျက်ရှိကြောင်း သိရသည်။အိန္ဒိယတွင် COVID-19 ကပ်ရောဂါဆက်လက်ဖြစ်ပွားနေပြီး နေ့စဉ်ကူးစက်မှု မြင့်တက်လျက်ရှိသည်။ နိုင်ငံအတွင်း COVID-19 ကူးစက်ခံရသူဦးရေမှာလည်း စက်တင်ဘာ ၁၅ ရက်တွင် ၅ သန်း ကျော်လွန်နေပြီဖြစ်ပြီး အသစ်ကူးစက်ခံရသူ ၉၀,၁၂၃ ဦး ရှိပြီး သေဆုံးသူအရေအတွက် ၁,၂၉၀ ဦး ရှိကြောင်း သိရသည်။အိန္ဒိယနိုင်ငံသည် ကမ္ဘာပေါ်တွင် ကပ်ရောဂါ ဒုတိယအဆိုးဝါးဆုံး ထိခိုက်ခံရသည့်နိုင်ငံအဖြစ်ရတည်နေသည်။  (Xinhua)