Connect with us

WORLD

COVID-19 တိုက်ဖျက်ရေးကူညီရန် တရုတ်သံရုံးက ဘရာဇီးနိုင်ငံသို့ ဒုတိယအသုတ်ဆေးဘက်ဆိုင်ရာ ပစ္စည်းများ ပေးပို့ထောက်ပံ့

ဘရာဇီးတပ်ဖွဲ့ဝင်များက ဆေးဘက်ဆိုင်ရာ ထောက်ပံ့ပစ္စည်းများကို Boa Vista မြို့သို့ ၂၀၂၀ ပြည့်နှစ် ဇွန် ၃၀ ရက်က ရဟတ်ယာဉ်ဖြင့် ပို့ဆောင်ပေးနေစဉ်(ဆင်ဟွာ)

ဘရာဇီးလီယာ ၊ အောက်တိုဘာ ၁၁ ရက်(ဆင်ဟွာ)

ဘရာဇီးနိုင်ငံရှိ တရုတ်သံရုံးက တရုတ်အစိုးရမှ ဘရာဇီးနိုင်ငံသို့ပေးပို့လှူဒါန်းသော ဒုတိယအသုတ် ကပ်ရောဂါတိုက်ဖျက်ရေး ဆေးဘက်ဆိုင်ရာ အထောက်အပံ့ပစ္စည်းများကို အောက်တိုဘာ ၉ ရက်က လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ဘရာဇီးနိုင်ငံ ကပ်ရောဂါတိုက်ဖျက်ရေးတွင် အသုံးပြုရန်အတွက် N95 နှာခေါင်းစည်းများ ၊ ကာကွယ်ရေးဝတ်စုံများ ၊ မျက်မှန်များ နှင့် အခြား ဆေးဘက်ဆိုင်ရာ အသုံးအဆောင်ပစ္စည်းများကို တရုတ်နိုင်ငံက ပေးပို့ထောက်ပံ့ခဲ့ခြင်းဖြစ်သည်။

ပစ္စည်းလွှဲပြောင်းပေးအပ်ပွဲအခမ်းအနား၌ ဘရာဇီးနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Yang Wanming က မိန့်ခွန်းပြောကြားရာတွင် ကပ်ရောဂါတိုက်ဖျက်ရေး၌ တရုတ်နိုင်ငံ နှင့် ဘရာဇီးနိုင်ငံတို့သည် အနီးကပ် လုပ်ဆောင်လျက်ရှိကြောင်း နှင့် နှစ်ဖက်အရာရှိများသည် လွန်ခဲ့သော နှစ်များကတည်းက တစ်ဖက်နှင့်တစ်ဖက် နီးကပ်သော ချိတ်ဆက်ဆောင်ရွက်မှုများ ရှိခဲ့ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

ထို့ပြင် တရုတ်သံအမတ်ကြီးက တရုတ်နိုင်ငံအနေဖြင့် ဘရာဇီးနိုင်ငံ၏ ကပ်ရောဂါတိုက်ဖျက်ရေးကို ဆက်လက်အားပေးထောက်ခံသွားမည်ဖြစ်ပြီး ပစ္စည်းကိရိယာများ ကူညီထောက်ပံ့ခြင်း ၊ ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူများ အပြန်အလှန်ဖလှယ်ခြင်း ၊ ကာကွယ်ဆေး ထုတ်လုပ်ရေးတွင် ပူးပေါင်းဆောင်ရွက်မှုတိုးချဲ့ခြင်း နှင့် ကပ်ရောဂါ အလွန်ခေတ်တွင် နှစ်နိုင်ငံဆက်ဆံရေးယန္တရားတည်ဆောက်ရန် ဘရာဇီးနိုင်ငံနှင့်အတူ ညှိနှိုင်းဆောင်ရွက်မှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။

“ ကျွန်တော်တို့ဟာ ဘရာဇီးရော အခြားနိုင်ငံတွေနဲ့ရော အတူ လက်တွဲပြီး သဟဇာတဖြစ်မှု ၊ ပူးပေါင်းဆောင်ရွက်မှု နဲ့ နိုင်ငံတကာ မိသားစု သွင်ပြင်လက္ခဏာတစ်ခုကို တည်ဆောက်သွားကြမှာပါ ” ဟု Yang က ဆိုသည်။“ ရှေ့တန်းစစ်မျက်နှာမှာ လုပ်ကိုင်နေကြတဲ့ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေကို ချီးကျူးဂုဏ်ပြုပါတယ် ၊ ဘရာဇီးပြည်သူတွေဟာ မကြာခင်မှာ ကပ်ရောဂါကို အနိုင်ယူနိုင်လိမ့်မယ်လို့ ကျွန်တော်အနေနဲ့အကောင်းဘက်က ရှုမြင်ပါတယ် ၊ ဒီကပ်ရောဂါတိုက်ဖျက်ရေးစစ်မြေပြင်ကတစ်ဆင့် တရုတ်-ဘရာဇီး ချစ်ကြည်ရင်းနှီးမှုဟာ ပိုမိုခိုင်မာစွာ ပေါ်ထွက်လာမှာပါ” ဟု Yang က နိဂုံးချုပ်စကားဆိုခဲ့သည်။

ဘရာဇီးပြည်ထောင်စုအစိုးရကိုယ်စား ဘရာဇီးနိုင်ငံ အမေဇုံကော်မတီမှ Juliano Nascimento က ကျေးဇူးတင်စကားပြောကြားရာတွင် ဘရာဇီးနိုင်ငံသို့ နောက်ထပ်တစ်ကြိမ် အကူအညီပစ္စည်းများပေးပို့သော တရုတ်နိုင်ငံအစိုးရ နှင့် ပြည်သူများကို အထူး ကျေးဇူးတင်ရှိကြောင်းထည့်သွင်းပြောကြားခဲ့သည်။
တရုတ်နိုင်ငံအစိုးရမှ ပထမအသုတ်ပေးပို့လှူဒါန်းသော ထောက်ပံ့ရေးပစ္စည်းများသည် ဘရာဇီးနိုင်ငံ၏ ကပ်ရောဂါတိုက်ဖျက်ရေးအတွက် အလွန်တရာ အထောက်အပံ့ဖြစ်စေခဲ့ကြောင်း နှင့် ယခုဒုတိယအသုတ် ပေးပို့မှုသည်လည်း အမေဇုံဒေသကပ်ရောဂါတိုက်ဖျက်ရေးအတွက် ကူညီရန် အလွန်ကောင်းမွန်သော အထောက်အပံ့ဖြစ်စေလိမ့်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ကပ်ရောဂါတိုက်ဖျက်ပြီးချိန်နောက်ပိုင်းတွင်လည်း ဘရာဇီး-တရုတ် နှစ်ဖက်ပြည်သူများ ၏ အကျိုးစီးပွားအတွက် နှစ်ဖက်ညှိနှိုင်းဆောင်ရွက်မှုကို ဆက်လက်လုပ်ဆောင်သွားရန် နှင့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်သွားရန် ဘရာဇီးကိုယ်စားလှယ်က ပစ္စည်းလွှဲပြောင်းပေးအပ်ပွဲအခမ်းအနားတွင် ဆက်လက် ပြောကြားခဲ့သည်။(Xinhua)