Asia
အိန္ဒိယနိုင်ငံ၏ ပထမဆုံး ရေငုပ်သင်္ဘော ရေချ
နယူးဒေလီ ၊ မေ ၃ ရက် (ဆင်ဟွာ)
အကြောင်းအမျိုးမျိုးကြောင့် နှောင့်နှေးနေပြီး အချိန်အတန်ကြာ စောင့်ဆိုင်းခဲ့ရသည့် အိန္ဒိယနိုင်ငံသည် ၎င်းတို့လျှို့ဝှက်ထားသော နိုင်ငံ၏ ပထမဆုံး ကိုယ်ပျောက် ရေငုပ်သင်္ဘောကို ရေချလိုက်ပြီး ဖြစ်ကြောင်း ကာကွယ်ရေး ဝန်ကြီးဌာန သတင်းအရင်းအမြစ်က မေလ ၂ ရက်တွင် ပြောကြားလိုက်သည်။
“ Kalvari (ကျားငမန်း) လို့အမည်ပေးထားတဲ့ ရေငုပ်သင်္ဘောကို အိန္ဒိယနိုင်ငံ ရေတပ်အတွက် ပြင်သစ် အခြေစိုက် Mazagon Dock သင်္ဘောကုမ္ပဏီက တည်ဆောက် ပေးခဲ့ပါတယ်။ ဒါဟာ ပြင်သစ် Scorpene-class ခြောက်စင်းထဲက ပထမဆုံး တည်ဆောက်ပြီးသွားတဲ့ ရေငုပ်သင်္ဘော တစ်စင်းပါ။ ကျားငမန်းကို မွန်ဘိုင်းကမ်းခြေမှာ မေလ ၁ ရက်က ပထမဆုံး ရေချခဲ့ပါတယ်” ဟု အဆိုပါ သတင်း အရင်းအမြစ်က ဆိုသည်။
အမှန်စင်စစ် ရေငုပ်သင်္ဘောကို ထိုနေ့နံနက်ပိုင်းတွင် ရေချ ခဲ့ခြင်း ဖြစ်ပြီး ၎င်းဆိုက်ကပ်ရာ ဆိပ်ကမ်းသို့ ပြန်မရောက်မီ တွန်းအားပေး စနစ် ၊ အရံအသုံးအဆောင်နှင့် နည်းစနစ်များ ၊ ဆက်သွယ်ရေး စနစ်များနှင့် မောင်းနှင် ထိန်းချုပ်သည့် ဂီယာ များနှင့် သက်ဆိုင်သော စမ်းသပ်မှု အမျိုးမျိုးကို ပြုလုပ်ခဲ့ကြောင်း သတင်းအရင်း အမြစ်က ပြောသည်။
ပင်လယ် ရေအောက်ရှိ အတားအဆီးများကို ဖြတ်ကျော် မောင်းနှင်ခြင်း ၊ ရေပြင်ပေါ် မောင်းနှင်ခြင်း ၊ ရေငုပ်ခြင်း ၊ စစ်လက်နက်များ အသုံးပြုခြင်း ၊ အသံလှိုင်း စစ်ဆေးခြင်း စသည့် လုပ်ဆောင်ချက် အမျိုးမျိုးကို အိန္ဒိယ ရေတပ်က ပြုလုပ်ခဲ့ပြီးနောက်တွင် အိန္ဒိယနိုင်ငံ၏ စွန့်ဦး တီထွင်မှု အပိုင်း၌ ရည်မှန်းချက် ကြီးမားသည့် ဝန်ကြီးချုပ် မိုဒီအတွက် အဓိက တွန်းအားတစ်ရပ် ဖြစ်လာခဲ့သည်။
နိုင်ငံ ၏ အနုသုခုမဟု တင်စားထားသည့် ရေငုပ် သင်္ဘောကြီးသည် တော်ပီဒိုများ ၊ ရေငုပ်သင်္ဘော တန်ပြန်ပစ် ဒုံးကျည်များ အပါအဝင် သေချာသော လမ်းညွှန်ချက် ပေးနိုင်သည့် စစ်လက်နက်များ ဖြင့်တွဲစပ်၍ ရန်သူကို တိတိကျကျ ပစ်ခတ်နိုင်စွမ်း ရှိသည်။ ထို့ပြင် ၎င်း၏ အသုံးအဆောင်များသည် ဧရိယာ အားလုံးတွင် အသုံးပြုနိုင်စွမ်းရှိပြီး မြေပြင်တန်ပြန် စစ်ဆင်ရေး နှင့် ရေငုပ်သင်္ဘော တန်ပြန် စစ်ဆင်ရေးများ အတွက်ပါ အသုံးပြုနိုင်ကြောင်း သိရသည်။ (Xinhua)