Videos
အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန(NRPC) ဥက္ကဋ္ဌ အဖြစ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်
ရန်ကုန် ၊ ဇူလိုင် ၁၂ ရက်(ဆင်ဟွာ)
အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ထိရောက် အောင်မြင်စွာ အကောင် အထည် ဖော်နိုင်စေရေး အတွက် လိုအပ်သော မူဝါဒများ ချမှတ်ပေးခြင်း နှင့် ဦးဆောင် လမ်းညွှန်မှုပေးခြင်း တို့ကို ဆောင်ရွက်နိုင်ရန် အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန(NRPC)ကို နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌ အဖြစ် ပါဝင်၍ ဖွဲ့စည်းလိုက်ကြောင်း နိုင်ငံတော် သမ္မတရုံးမှ ဇူလိုင်လ ၁၁ ရက်နေ့က သတင်းထုတ်ပြန်သည်။
အမျိုးသား ပြန်လည် သင့်မြတ်ရေး နှင့်ငြိမ်းချမ်းရေးဗဟိုဌာန(NRPC) တွင် ဥက္ကဋ္ဌ အဖြစ် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၊ ဒုတိယ ဥက္ကဋ္ဌ များအဖြစ် နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင့်ဆွေ နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ(၂၁)ရာစု ပင်လုံ အကြို ပြင်ဆင်ရေး ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်း အပါအဝင် အဖွဲ့ဝင် ၁၁ ဦးဖြင့် ဖွဲ့စည်းလိုက်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။
NRPC ၏ လုပ်ငန်းတာဝန်များသည် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် နိုင်ငံတော် အစိုးရ ၊ လွှတ်တော် ၊ တပ်မတော် ၊ တိုင်းရင်းသား အဖွဲ့အစည်းများနှင့် လက်နက်ကိုင် အင်အားစုများ ၊ အဖွဲ့အစည်း တာဝန်ရှိသူများ အဆင်ပြေ ချောမွေ့စွာ ပူးပေါင်း ပါဝင်နိုင်ရန် လိုအပ်သော ဦးဆောင် လမ်းညွှန်မှု ပေးခြင်း ၊ နိုင်ငံတော်အား ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု ဖြစ်ပေါ်လာရေး အတွက် နည်းလမ်းများ ရှာဖွေ ဖော်ထုတ်ခြင်း တို့ ပါဝင်ကြောင်း သိရသည်။(Xinhua)