Connect with us

Asia

MH17 မတော်တဆမှု ၂ နှစ်ကြာပြီးနောက် အမှန်တရားပေါ်သည်အထိ ဆက်လက်ကြိုးစားမည်ဟု မလေးရှားအစိုးရ ကတိပြု

ပစ်ချခံလိုက်ရသော MH17 မလေးရှားလေယာဉ်အပိုင်းအစအား ကျွမ်းကျင်သူများက စစ်ဆေးနေစဉ်(ဆင်ဟွာ)

ကွာလာလမ်ပူ ၊ ဇူလိုင် ၁၇ ရက်(ဆင်ဟွာ)

မလေးရှားလေကြောင်းလိုင်း MH17 လေယာဉ်သည် ယူကရိန်းနယ်စပ်တွင် ပျက်ကျခဲ့သည်မှာ နှစ်နှစ် ကြာပြီဖြစ်သော်လည်း အဆိုပါလေယာဉ်ပျက်ကျရသည့် အကြောင်း နှင့်ပတ်သက်၍ အမှန်တရားပေါ်ပေါက်သည်အထိ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း မလေးရှားအစိုးရက ဇူလိုင် ၁၇ ရက်တွင် ထပ်မံကတိပြုပြောကြားလိုက်သည်။

မလေးရှားနိုင်ငံ ဝန်ကြီးချုပ် နာဂျစ်ရာဇတ် က MH 17 နှင့်ပက်သတ်၍ “ ကမ္ဘာကိုကျူးလွန်ခဲ့တဲ့ ပြစ်မှုကြီးပါပဲ။အဲဒီ ကိစ္စကြောင့် လေယာဉ်ပေါ်လိုက်ပါသွားတဲ့ လူပေါင်း ၂၉၈ ယောက် အသက်ဆုံးရှုံးခဲ့ရတယ်” ဟုဆိုသည်။

“ အဲဒီလေယာဉ် ပျက်ကျမှုနဲ့ပတ်သက်ပြီး ကျေနပ်လောက်တဲ့ အဖြေရတဲ့အထိ မလေးရှားအစိုးရကဆက်ပြီး လုပ်ဆောင်သွားမှာပါ” ဟု နာဂျစ်က ၎င်း၏ လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားထားသည်။ မလေးရှားလေကြောင်းလိုင်းမှ MH17 လေယာဉ်သည် ၂ဝ၁၄ ခုနှစ် ဇူလိုင် ၁၇ ရက်တွင် ယူကရိန်းနိုင်ငံ အရှေ့ဖက်၌ ပျက်ကျခဲ့သည်။ လေယာဉ်အမှုထမ်း ၁၅ ဦး နှင့် ခရီးသည် ၂၈၃ ဦး လိုက်ပါလာသည့် အဆိုပါလေယာဉ်သည် နယ်သာလန်နိုင်ငံ အမ်စတာဒမ်လေဆိပ်မှ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့သို့ဦးတည်ပျံသန်းလာစဉ် ယူကရိန် နယ်စပ်၌ ပစ်ချခံလိုက်ရခြင်းဖြစ်ကြောင်း သတင်းများက ဆိုသည်။

မလေးရှားနိုင်ငံ ပို့ဆောင်ရေးဝန်ကြီး Liow Tiong က အပြစ်မဲ့သေဆုံးခဲ့ရသူပေါင်းများစွာအတွက် ပြစ်မှုကြောင်းအရ တာဝန်ရှိသူများအား တရားဥပဒေရှေ့မှောက်သို့ပို့ဆောင်နိုင်အောင် လုပ်ဆောင်သွားရန် ဆုံးဖြတ်ထားကြောင်း ပြောကြားသည်။
ယခုနှစ်ကုန်ပိုင်းတွင် လေယာဉ်ပျက်ကျမှု နှင့်ပတ်သက်၍ ကျွမ်းကျင်သူများ၏ စစ်ဆေးချက်များအရ ရရှိထားသော ကနဦးထုတ်ပြန်ချက်ကို ပူးတွဲလေ့လာစုံစမ်းရေးအဖွဲ့မှ ထုတ်ပြန်သွားရန်ရှိကြောင်း ၎င်းထုတ်ပြန်ချက်ထဲတွင် လေယာဉ်ပစ်ချရာတွင် အသုံးပြုခဲ့သော လက်နက်အမျိုးအစား နှင့် အသေးစိတ်အချက်အလက်များ ပါဝင်ကြောင်း Liow ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် Liow က အရပ်ဖက် လေကြောင်း ပို့ဆောင်ရေးကဏ္ဍတွင် လုံခြုံရေးအဆင့်အတန်းတိုးမြှင့်ရေးအတွက် နိုင်ငံတကာအနေဖြင့် ပူးပေါင်းပါဝင်ကြရန် ၊ အထူးသဖြင့် ပဋိပက္ခဖြစ်ပွားနေသော နေရာများ၌ အရပ်ဖက်လေကြောင်းလိုင်းများ အန္တရာယ်ကင်းစွာ ပျံသန်းနိုင်ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်မှုများပူးပေါင်းလုပ်ဆောင်သွားကြရန် တိုက်တွန်းပြောကြားထားသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.