Videos
(၄) ကြိမ်မြောက် တရုတ်-အာဆီယံ လူငယ် ယဉ်ကျေးမှု ဖလှယ်ပွဲ သို့ မြန်မာကျောင်းသားများစေလွှတ်
ရန်ကုန် ၊ သြဂုတ် ၅ ရက်(ဆင်ဟွာ)
၂ဝ၁၅/၂၀၁၆ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်းကို ထူးချွန်စွာ အောင်မြင်သော ကျောင်းသား/ကျောင်းသူ များကို (၄) ကြိမ်မြောက် တရုတ်-အာဆီယံ လူငယ် ယဉ်ကျေးမှု ဖလှယ်ပွဲသို့ စေလွှတ်သည့် တွေ့ဆုံပွဲကို ရန်ကုန်မြို့ ရှိ မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း(ဗဟို)တွင် ပြုလုပ် ခဲ့ပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံရုံး ယဉ်ကျေးမှုသံမှူး မစ္စတာထျင်ဆန့်ထင် (Mr.Tian Shanting) နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။
မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း ဥက္ကဋ္ဌ ဦးစိန်ဝင်းအောင် မှ တွေ့ဆုံပွဲတွင် နှစ်စဉ် တရုတ်နိုင်ငံ သို့ ထူးချွန် ကျောင်းသား/ကျောင်းသူ များကို စေလွှတ်ခဲ့ကြောင်း နှင့် ယခု တရုတ်-အာဆီယံ ယဉ်ကျေးမှု ဖလှယ်ပွဲသို့ စေလွှတ် ခံရသည့် မြန်မာနိုင်ငံ က ထူးချွန်ကျောင်းသားများ အနေဖြင့် ဂရုပြုရန် လိုအပ်သည် များကို အသေးစိတ် ရှင်းလင်းပြောကြားခဲ့ပါသည်။
မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံး ယဉ်ကျေးမှုသံမှူးမှလည်း ယခုကဲ့သို့စေလွှတ်ခြင်းသည် ယဉ်ကျေးမှု ဖလှယ်ခြင်း ဖြစ်ပြီး ကျောင်းသားများသည် အနာဂတ် အတွက် မျှော်လင့်ချက် ရှိသော ကြယ်ပွင့်များ ဖြစ်ကြောင်း ၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ နှင့် ပူးပေါင်းကာ အသက်မွေးပညာရေးလုပ်ငန်းများ ပြုလုပ်ရန် စီစဉ်နေကြောင်း ပြောကြားခဲ့ပါသည်။
တရုတ်နိုင်ငံ သို့ သွားရောက်မည့် ကျောင်းသား/ကျောင်းသူများတွင် ၂ဝ၁၅/၂ဝ၁၆ ပညာသင်နှစ် ၌ မြန်မာ တစ်နိုင်ငံလုံး ပထမ ဆု ရရှိခဲ့သည့် မထက်ယမင်းအောင် အပါအဝင် ပြည်နယ် နှင့် တိုင်းအသီးသီးတို့တွင် ပထမဆုများရရှိခဲ့ကြသည့် ကျောင်းသား/ကျောင်းသူများလည်း ပါဝင်ခဲ့သည်။(Xinhua)