Asia
အိန္ဒိယတွင် ထောင်ဖောက်ပြေးစဉ်တွင် လွတ်မြောက်သွားသည့် အန္တရာယ်ရှိ စစ်သွေးကြွအား ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့
နယူးဒေလီ၊ နိုဝင်ဘာ ၂၈ ရက် (ဆင်ဟွာ)
အိန္ဒိယနိုင်ငံ မြောက်ပိုင်း ပန်ဂျပ်ပြည်နယ်ရှိ အကျဉ်းထောင် တစ်ခုတွင် လူဆိုးဂိုဏ်းဝင် လေးဦးနှင့်အတူ နိုဝင်ဘာလ ၂၇ ရက်က ထောင်ဖောက်ပြေး လွတ်မြောက်သွားသည့် အန္တရာယ်ရှိ စစ်သွေးကြွ တစ်ဦးအား ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့ပြီ ဖြစ်ကြောင်း သိရသည်။
“ခါလစ္စတန် လွတ်မြောက်ရေး တပ်ဖွဲ့ အကြီးအကဲ ဟာမိုင်ဒါ ဆင်းန် မင်တူးကို ဒီနေ့ အစောပိုင်းက ဒေလီ နယ်စပ်မှာ ဖမ်းမိခဲ့တယ်၊ ဂိုဏ်းဝင် လေးယောက်ကတော့ ပျောက်ဆုံးနေဆဲပါပဲ” ဟု အဆင့်မြင့် အရာရှိကြီး တစ်ဦးက ပြောသည်။
မင်တူးသည် ဟာယာနာပြည်နယ်မှတဆင့် ဒေလီသို့ ကူးကာ နီပေါနိုင်ငံသို့ ထွက်ပြေးရန် စီစဉ်လျက်ရှိကြောင်း ရဲတပ်ဖွဲ့က သတင်းရရှိခဲ့ပြီးနောက် ယခုလို ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ အရာရှိက ပြောသည်။
ရဲဝတ်စုံများ ဝတ်ဆင်ထားသည့် လက်နက်ကိုင် အမျိုးသား ၁၀ ဦးက ထောင်အတွင်း ဝင်ရောက်ကာ အကျဉ်းထောင် လုံခြုံရေး နေရာများ၌ ခဲယမ်းမီးကျောက် ၁၀၀ ဝန်းကျင် မီးရှို့ခဲ့ပြီးနောက် မင်တူးနှင့် အဖွဲ့ဝင် လေးဦးသည် နိုဝင်ဘာလ ၂၇ ရက် အစောပိုင်းက ပန်ဂျပ်ပြည်နယ်ရှိ နဘ်ဟာ အကျဉ်းထောင်မှ ထွက်ပြေးလွတ်မြောက်သွားခဲ့ခြင်း ဖြစ်သည်။
ခါလစ္စတန် လှုပ်ရှားမှု၏ အစိတ်အပိုင်း ဖြစ်သည့် ခါလစ္စတန် လွတ်မြောက်ရေး တပ်ဖွဲ့သည် သောင်းကျန်းသူ အဖွဲ့ တစ်ဖွဲ့အဖြစ် သတ်မှတ်ခြင်း ခံထားရသည်။
မင်တူးအား ၂၀၁၄ ခုနှစ် နိုဝင်ဘာလတွင် ဒေလီ လေဆိပ်၌ ဖမ်းဆီးမိခဲ့သည်။ အသက် ၄၇ နှစ်အရွယ်ရှိပြီ ဖြစ်သော မင်တူးသည် အိန္ဒိယနိုင်ငံတစ်ဝန်းရှိ အကြမ်းဖက်မှုပေါင်း မြောက်များစွာနှင့် ဆက်စပ်လျက်ရှိသူအဖြစ် စွပ်စွဲခံထားရသူ ဖြစ်သည်။ အခြားသူများသည်လည်း လက်ရှိ ကျူးလွန်နေသည့် ရာဇဝတ်ဂိုဏ်းများတွင် အများဆုံး ပါဝင်နေသူများ ဖြစ်ကြောင်း သိရသည်။
ထောင်မှ ထွက်ပြေးသွားသူ လေးဦးအား ဖမ်းဆီးနိုင်ရေး ရှာဖွေရေးလုပ်ငန်း အကြီးအကျယ် လုပ်ဆောင်ခဲ့ကြောင်း အရာရှိက ပြောကြားခဲ့သည်။
လတ်တလောဖြစ်ပွားခဲ့သည့် ထောင်ဖောက်မှုသည် ဒုတိယအကြိမ် အကြီးကျယ်ဆုံး ထောင်ဖောက်မှု ဖြစ်သည်။ အောက်တိုဘာလက အန္တရာယ်ကြီးမားသည့် အစ္စလာမ်မစ် အဖွဲ့ဝင် ၈ ဦးက လုံခြုံရေး အမြင့်ဆုံး ဘိုပါးလ်ထောင်မှ ထွက်ပြေးလွတ်မြောက်ခဲ့ပြီး နာရီများစွာအကြာ၌ ၎င်းတို့အား အသေဖမ်းဆီးမိခဲ့ကြောင်း သိရသည်။ (Xinhua)