Asia
၁၁ လအတွင်း ကမ္ဘောဒီးယားမှ တရုတ်နိုင်ငံသို့ဆန်တန်ချိန် ၁ဝ၇ဝ၉၁ တန်တင်ပို့ခဲ့
ဖနွမ်းပင် ၊ ဒီဇင်ဘာ ၈ ရက်(ဆင်ဟွာ)
ကမ္ဘောဒီးယားနိုင်ငံသည် ၂ဝ၁၆ ခုနှစ် ပထမ ၁၁ လအတွင်း တရုတ်နိုင်ငံသို့ဆန်တန်ချိန် ၁ဝ၇,ဝ၉၁ တန် တင်ပို့နိုင်ခဲ့ပြီး ၂ဝ၁၅ ခုနှစ် ယင်းကာလက တင်ပို့ခဲ့သော ဆန်တန်ချိန် ၉၁,၈၈၃ တန် ဖြင့်နှိုင်းယှဉ်ပါက ၁၆.၅ ရာခိုင်နှုန်း တိုးတက်လာခဲ့ကြောင်း နောက်ဆုံးမှတ်တမ်းကို ဒီဇင်ဘာလ ၈ ရက်က ထုတ်ပြန်ခဲ့သည်။
အဆိုပါမှတ်တမ်းကို ဆန်စပါးတင်ပို့ရောင်းချရေး အတွင်းရေးမှူးရုံး ( Secretariat of One Window Service for Rice Export ) မှ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ တရုတ်နိုင်ငံသည် ကမ္ဘောဒီးယားနိုင်ငံမှ ဆန် အများဆုံး ဝယ်ယူနေသည့် နိုင်ငံဖြစ်ပြီး ၎င်းနောက်တွင် ပြင်သစ်နိုင်ငံ နှင့် ပိုလန် နိုင်ငံတို့က အသီးသီးရပ်တည်နေကြောင်း သိရသည်။
အဆိုပါ မှတ်တမ်းများအရ ကမ္ဘောဒီးယားနိုင်ငံသည် ယခုနှစ် ဇန်နဝါရီလ မှ နိုဝင်ဘာလ အတွင်း ကမ္ဘာ့နိုင်ငံပေါင်း ၆၄ နိုင်ငံသို့ဆန်တန်ချိန် ၄၇၉,၆၈၉ တန် တင်ပို့ရောင်းချခဲ့ကြောင်း နှင့် ၂ဝ၁၅ ခုနှစ် ယင်းကာလမျိုးထက် ၅ ရာခိုင်နှုန်း ပိုမိုတိုးတက်လာကြောင်း ဖော်ပြထားသည်။
ကမ္ဘောဒီးယားနိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံတစ်နိုင်ငံဖြစ်ပြီး နိုင်ငံသား အားလုံး၏ ၈ဝ ရာခိုင်နှုန်းသည် လယ်သမားများဖြစ်ကြသည်။ ပြီးခဲ့သောနှစ်က တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆန်စပါး တန်ချိန်ပေါင်း ၉ သန်းကျော် စိုက်ပျိုးထုတ်လုပ်ခဲ့ကြောင်း ကမ္ဘောဒီးယားနိုင်ငံ လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာန ၏ ကိန်းဂဏန်းများအရ သိရသည်။(Xinhua)