Politics, Law & Military
၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေး၌ ခိုင်မာသော ရလဒ်များ ထွက်ပေါ်လာရေးအပါအဝင် ရှေ့ဆက်ငြိမ်းချမ်းရေးဖြစ်စဉ်များကို ဒေါ်အောင်ဆန်းစုကြည်နှင့် PPSTအဖွဲ့တို့ ဆွေးနွေး
နေပြည်တော်၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ)
မကြာခင်ကျင်းပမည့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစုပင်လုံ ဒုတိယအစည်းအဝေးတွင် ခိုင်မာသော ရလဒ်များ ထွက်ပေါ်လာရေးအပါအဝင် ရှေ့ဆက်ငြိမ်းချမ်းရေး ဖြစ်စဉ်များကို နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ မှ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (Peace Process Steering Team-PPST)တို့ ယနေ့ တွေ့ဆုံ ဆွေးနွေးကြသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးမှုတွင် မြန်မာနိုင်ငံမြောက်ပိုင်း၌ တိုက်ပွဲများ ဖြစ်ပွားနေမှုနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အပေါ် သက်ရောက်နိုင်မှု၊ပစ်ခတ်တိုက်ခိုက်မှုရပ်စဲထားသော တိုင်းရင်းသားနယ်မြေဒေသများ အတွင်း ဖွံ့ဖြိုးတိုးတက်မှုများကို ပြည်တွင်း၊ ပြည်ပ ကူညီထောက်ပံ့မှုများ ဖြည့်ဆည်း ဆောင်ရွက်ပေးရေးကိစ္စ၊NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများမှ အဖွဲ့ဝင်အချို့၏ အမှုအခင်းများကိစ္စ၊NCA လက်မှတ်ရေးထိုးခြင်း မရှိသေးသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်းများ ပါဝင်လာနိုင်ရေးကိစ္စ၊အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာများ ကို နှစ်ဘက် တွေ့ဆုံဆွေးနွေးကြသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူ စာချုပ် (Nationwide Ceasefire Agreement-NCA) လက်မှတ်ရေးထိုး ထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ မှ ငြိမ်းချမ်းရေးလုပ်ငန်စဉ် ဦးဆောင်အဖွဲ့ (Peace Process Steering Team-PPST) ခေါင်းဆောင်များသည် ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန၊ အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးကြသည်။
အဆိုပါ ဆွေးနွေးပွဲသို့ နိုင်ငံတော်အစိုးရဘက်မှ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဒုတိယ ဥက္ကဌများ ဖြစ်ကြသော ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေနှင့် ငြိမ်းချမ်းရေး ကော်မရှင်ဥက္ကဌ ဒေါက်တာတင်မျိုးဝင်း၊ ပြည်ထောင်စုအစိုးရအဖွဲ့၏ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်း၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန အတွင်းရေးမှူး၊ ဒုတိယဝန်ကြီး ဦးခင်မောင်တင်၊ သမ္မတရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူ တို့ တက်ရောက်ကြသည်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့မှ ခေါင်းဆောင်များ ဖြစ်ကြသည့် စောမူတူးဆေးဖိုး၊ ဦးခွန်ဥက္ကာ၊ ဦးခိုင်စိုးနိုင်အောင်၊ ဦးသံခဲ၊ အကြံပေးပုဂ္ဂိုလ် စိုင်းခွန်းဆေနှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ ဒုတိယဥက္ကဌ ပဒိုစောကွယ်ထူးဝင်းတို့ တက်ရောက်ကြသည်။(Xinhua)