Media
မြန်မာနိုင်ငံ ပြည်တွင်းက ထွက်ရှိတဲ့ သီးနှံများမှ ကြိတ်ခွဲထုတ်လုပ်ထားသည့် စားသုံးဆီများ ဈေးနှုန်းသက်သာစွာ ရောင်းချ
ရန်ကုန်၊ နိုဝင်ဘာ ၁၁ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ ဆီစက်ပိုင်ရှင်များအသင်းက ကြီးမှူး၍ ပြည်တွင်းက ထွက်ရှိတဲ့ သီးနှံတွေကနေ ကြိတ်ခွဲထုတ်လုပ်ထားသည့် မြေပဲဆီနှင့် နှမ်းဆီများကို ဈေးနှုန်းသက်သာပြီး လွတ်လပ်စွာဝယ်ယူနိုင်ရန် တန်ဆောင်တိုင် ဈေးရောင်းပွဲတော်အဖြစ် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။ နိုဝင်ဘာ ၉ ရက်မှ ၁၁ ရက်အထိ လမ်းမတော်မြို့နယ် မင်းရဲကျော်စွာလမ်းနှင့် ဇော်ဂျီလမ်းထောင့်တွင် နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ရောင်းချပေးလျက်ရှိကာ ပြည်သူများ ဝယ်ယူမှုပေါ် မူတည်ကာ နိုဝင်ဘာ ၁၂ ရက် အထိ ရက်တိုး ရောင်းချရန်လည်း စီစဉ်ညှိနှိုင်းလျက်ရှိကြောင်း သိရသည်။ “ပြည်သူတွေ ဈေးသက်သာစွာနဲ့ မြေပဲဆီနှင့် နှမ်းဆီတွေ ဝယ်ယူစားသုံးနိုင်ဖို့နဲ့ ပြည်တွင်းက ထွက်ရှိတဲ့ သီးနှံတွေကနေ ကြိတ်ခွဲထုတ်လုပ်ထားတဲ့ ဆီတွေဟာ ပြည်တွင်းမှာ ဖူလုံမှုရှိကြောင်း ပြသတဲ့အနေနဲ့ အခုလို ဈေးရောင်းပွဲတော် ပြုလုပ်ရတာ ဖြစ်တယ်”ဟု မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဦးက နိုဝင်ဘာ ၁၁ ရက်တွင် ဆင်ဟွာကို ပြောပါသည်။ လက်ရှိ ရန်ကုန်မြို့တွင် မြေပဲဆီတစ်ပိဿာလျှင် ကျပ်နှစ်သောင်းဝန်းကျင်ဈေးရှိပြီး တန်ဆောင်တိုင် ပွဲတော်၌မူ တစ်ပိဿာ အမြင့်ဆုံးဈေး ကျပ်တစ်သောင်းခြောက်ထောင်ထက် မပိုသောဈေးဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။ ပြည်သူများအား ၅၀ ကျပ်သားဘူးမှစပြီး စိတ်ကြိုက်လိုသလောက်ပိဿာဘူးများအထိ ရောင်းချပေးနေကြောင်း သိရသည်။ “အခုလာရောက်ဝယ်တဲ့အခါ အပြင်မှာ ဝယ်တာထက် ဈေးသက်သာသလို ကျန်းမာရေးနဲ့လည်း ညီညွတ်တာကြောင့် မြေပဲဆီပဲ စားသုံးဖြစ်တယ်” ဟု ဆီလာရောက်ဝယ်ယူသည့် အငြိမ်းစား ကျောင်းဆရာမတစ်ဦးဖြစ်တဲ့ ဒေါ်ရီရီလှိုင်က ဆင်ဟွာသို့ ပြောသည်။ ကုန်ကြမ်းသီးနှံဖြစ်သည့် မြေပဲမှာ စက်တင်ဘာလမှ မတ်လ အထိ လှိုင်လှိုင်ပေါသည့် ကာလဖြစ်သဖြင့် မြေပဲဆီများကို သက်သာသည့်ဈေးနှုန်းဖြင့် လာရောက် ရောင်းချခြင်းဖြစ်ကြောင်းသိရသည်။ ဈေးရောင်းပွဲတော်ကာလ သုံးရက်အတွင်း မြေပဲဆီပိဿာချိန် တစ်သိန်းဝန်းကျင် ရောင်းချနိုင်ရန် စီစဉ်ထားကြောင်းသိရသည်။ (Xinhua)