Connect with us

Media

၂၀၂၄ ခုနှစ် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ စီမံကိန်း သဘောတူစာချုပ်ကို တရုတ်-မြန်မာ နှစ်နိုင်ငံ လက်မှတ်ရေးထိုး

နေပြည်တော်၊ ဇွန် ၁၅ ရက် (ဆင်ဟွာ)

လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေပံ့ပိုးမှုဖြင့် ဖော်ဆောင်မည့် ၂၀၂၄ ခုနှစ် မြန်မာနိုင်ငံစီမံကိန်းများ လက်မှတ်ရေးထိုးခြင်း အခမ်းအနားကို ဇွန် ၁၄ ရက်တွင် နေပြည်တော်၌ ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနား၌ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Chen Hai နှင့် မြန်မာနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေတို့က အဖွင့်အမှာစကား ပြောကြားခဲ့ကြပြီး သံအမတ်ကြီး Mr. Chen Hai နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလွင်ဦးတို့က စီမံကိန်းသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။ ထို့ပြင် အဆိုပါအခမ်းအနားသို့ တရုတ်သံရုံးမှ သံမှူးကြီး Dr. Zheng Zhihong နှင့် မြန်မာဘက် စီမံကိန်းဖော်ဆောင်မည့်ဌာနမှ ဝန်ကြီးများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် သံအမတ်ကြီး Mr. Chen Hai က “ယနေ့တွင် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု မြန်မာနိုင်ငံစီမံကိန်း သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခြင်းမှာ စတုတ္ထအကြိမ်မြောက် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု ခေါင်းဆောင်များအစည်းအဝေးမှ သဘောတူညီချက်များကို အကောင်အထည်ဖော်ဆောင်သည့် အရေးကြီးလုပ်ဆောင်ချက်ဖြစ်သည့်အပြင် တရုတ်-မြန်မာ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးထူထောင်သည့် ၇၄ နှစ်တစ်လျှောက် ချစ်ကြည်ရင်းနှီးသောဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုကို သက်ဝင်လှုပ်ရှားစွာ ထင်ဟပ်စေခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုတွင် အရေးကြီးသော ပါဝင်သူ၊ တွန်းအားပေးသူနှင့် အကျိုးခံစားသူဖြစ်ကြောင်း၊ နှစ်ပေါင်းတစ်ရာကျော်အတွင်း မရှိခဲ့ဖူးသည့် အပြောင်းအလဲကြီးကို ရင်ဆိုင်ရာတွင် ဒေသတွင်းနိုင်ငံအသီးသီးမှ ပြည်သူများ၏အနာဂတ်ကို မျှော်တွေးရင်း မိမိတို့သည် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု ပိုမိုခိုင်မာကြီးထွားလာစေရန် အတူတကွ ဖော်ဆောင်ပြီး ပိုမိုနီးကပ်သော၊ ငြိမ်းချမ်း၍ စည်ပင်ဝပြောသော လန်ချန်း-မဲခေါင်နိုင်ငံများ အေးအတူပူအမျှ အသိုက်အဝန်းကို တည်ဆောက်သင့်ကြောင်း၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့်အတူ လန်ချန်း-မဲခေါင်စီမံကိန်းအား သေချာကောင်းမွန်စွာ ဆက်လက်ဖော်ဆောင်ပြီး ပိုမိုများပြားသော ပူးပေါင်းဆောင်ရွက်မှု ရလဒ်များဖြင့် မြန်မာနိုင်ငံပြည်သူများကို အကျိုးဖြစ်ထွန်းသွားစေလိုကြောင်း” ပြောကြားခဲ့သည်။

ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက “တရုတ်နိုင်ငံမှ အရင်းအနှီးစိုက်ထုတ်၍ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး အထူးရန်ပုံငွေ ထူထောင်ပြီး မြန်မာနိုင်ငံစီးပွားရေး၊ လူမှုရေးနှင့် ပြည်သူများလူနေမှုဘဝ ကောင်းမွန်လာစေရေးကို ထိရောက်စွာ အကျိုးပြုရန် ကူညီပေးမှုကို မြန်မာနိုင်ငံအစိုးရနှင့် ပြည်သူကိုယ်စား ကျေးဇူးတင်ရှိကြောင်း၊ မြန်မာ-တရုတ်နှစ်နိုင်ငံသည် အစဉ်အလာအလိုက် ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းနိုင်ငံများဖြစ်ကြောင်း၊ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးသံယောဇဉ်သည် ကြာရှည်သော်လည်း ကောင်းမွန်နေဆဲဖြစ်ကြောင်း၊ သံတမန်ဆက်ဆံရေး ထူထောင်သည့် ၇၄ နှစ်အတွင်း နှစ်နိုင်ငံဆက်ဆံရေးသည် တစ်နေ့တ‌ခြား ပိုမိုရင်းနှီးလာပြီး နှစ်နိုင်ငံကလည်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီးငါးရပ်ကို အတူအဆိုပြုခဲ့ကြောင်း၊ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုယန္တရားသည် အရေးကြီးဆုံးနှင့် အအောင်မြင်ဆုံး မဲခေါင်မြစ်ပူးပေါင်းဆောင်ရွက်မှုယန္တရားဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် လန်ချန်း-မဲခေါင်မိတ်ဖက်နိုင်ငံများနှင့်အတူ “တစ်မြစ်ထဲရေအတူသောက်သုံး၍ ကံကြမ္မာချင်းနီးကပ်စွာချိတ်ဆက်နေခြင်း” ဟူသော မူလစိတ်ကို စွဲမြဲစွာကိုင်စွဲပြီး ဒေသတွင်းငြိမ်းချမ်းရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် စည်ပင်ဝပြောရေးတို့ကို အတူတကွ မြှင့်တင်သွားရန် ဆန္ဒရှိကြောင်း” ပြောကြားခဲ့သည်။

၂၀၁၈ ခုနှစ်မှစ၍ ယနေ့ထိ မြန်မာနိုင်ငံမှ စုစုပေါင်းစီမံကိန်းပေါင်း ၇ သုတ် ၁၁၈ ခု သည် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ ပံ့ပိုးကူညီမှုရရှိခဲ့ပြီး မဲခေါင်မြစ်နိုင်ငံများအနက် ပံ့ပိုးကူညီမှုရရှိသည့် စီမံကိန်းအရေအတွက် အများဆုံးနိုင်ငံဖြစ်သည်။ ယခုအကြိမ် လက်မှတ်ရေးထိုးခဲ့သည့် စီမံကိန်း ၁၂ ခုသည် မြန်မာနိုင်ငံ စိုက်ပျိုးရေး၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး၊ ကုန်သွယ်ရေး၊ ဆန်းသစ်တီထွင်မှု စသည့် နယ်ပယ်အသီးသီးဖွံ့ဖြိုးတိုးတက်မှုနှင့် ပြည်သူ့လူနေမှုဘဝ တိုးတက်ကောင်းမွန်လာစေရေးအတွက် ကူညီပံ့ပိုးပေးမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.