Connect with us

Media

မြန်မာနိုင်ငံတွင် အိမ်ရှင်မများအတွက် ဆန်းသစ်တီထွင်ထားသည့် နေရောင်ခြည်စွမ်းအင်သုံးချက်ပြုတ်နိုင်သည့် မီးဖို

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၄ ရက် (ဆင်ဟွာ)

အိမ်ရှင်မများအတွက် ယခုလို ပူပြင်းသည့်ရာသီတွင် လျှပ်စစ်မီးမလုံလောက်မှုပြဿနာကို ဖြေရှင်းရန် နေရောင်ခြည်စွမ်းအင်သုံး ထမင်း ဟင်း ချက်ပြုတ်သည့်မီးဖိုကို ဆန်းသစ်
တီထွင်ကာ ထုတ်လုပ်ထားကြောင်း မန္တလေးတိုင်းဒေသကြီးရှိ မောင်သန့်ဇင် MTZ စက်မှုလက်မှုမှ ဦးသန့်ဇင်က ဆင်ဟွာသို့ ပြောသည်။ “အခုလို တီထွင်ဖို့ စိတ်ကူးအကြံဥာဏ်ရှိခဲ့တာ ကြာပါပြီ။ လုပ်ဆောင်ဖို့ ရည်ရွယ်ချက် မရှိပေမဲ့ မီးပျက်တာတွေကြောင့် ထင်း၊ မီးသွေး စတာတွေ ပိုမိုကုန်ကျမှု၊ မီးစက်နဲ့ ထမင်း ဟင်း ချက်တာက ခဏခဏ (ကျွမ်း)စက်ပျက်တာတွေကြောင့် ယခုလို ဆန်းသစ်တီထွင်ဖြစ်ခဲ့တာ” ဟု ဦးသန့်ဇင်ကပြောသည်။ ထုတ်လုပ်မှု ကုန်ကျစရိတ်အနေဖြင့် နေရောင်ခြည်စွမ်းအင်သုံး မီးဖို တစ်ခုကို ကျေးလက်ပြည်သူများပါ သုံးစွဲနိုင်ရန်အတွက် အနည်းဆုံး ငွေကျပ် ၃ သိန်းနှင့် ၄ သိန်းကြားဖြင့် ထုတ်လုပ်နိုင်ရန် ကြိုးပမ်းရမည်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားသည်။ (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် ပြည်ထောင်စုအဆင့် အသေးစား၊ အငယ်စားနှင့် အလတ်စား လုပ်ငန်းများ (MSME) ထုတ်ကုန်ပြပွဲကို ဖေဖော်ဝါရီ ၁၀ ရက်မှ ၁၄ ရက်အထိ နေပြည်တော်တွင် ကျင်းပနေကာ အဆိုပါပြပွဲအတွင်း နေရောင်ခြည်စွမ်းအင်သုံး မီးဖိုကို ခင်းကျင်းပြသထားခြင်း ဖြစ်သည်။(Xinhua)