Connect with us

Media

မြန်မာနိုင်ငံမှ စာအုပ်ချစ်သူများက ဒစ်ဂျစ်တယ်ခေတ်တွင်ပင် စာအုပ်များကို နှစ်သက်မြတ်နိုးစွာ ဖတ်ရှုလျက်ရှိ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈ ရက် (ဆင်ဟွာ)

ဒစ်ဂျစ်တယ်ခေတ်ထွန်းကားလာသည့်တိုင်အောင် မြန်မာနိုင်ငံရှိ စာအုပ်ချစ်သူများက စာအုပ်များကို နှစ်သက်မြတ်နိုးစွာ ဆက်လက်ဖတ်ရှုနေကြခြင်းကြောင့် စာအုပ်ဆိုင်များအနေဖြင့် ရှင်သန်ရပ်တည်နိုင်ကြခြင်းဖြစ်သည်။

ထိုကဲ့သို့ ပုံနှိပ်ထုတ်ဝေထားသော စာအုပ်များကို စွဲစွဲမြဲမြဲ ဖတ်ရှုကြခြင်းက စာအုပ်ဆိုင်များ၏ ရပ်တည်မှုကို ခိုင်မာစေရုံသာမက မျက်မှောက်ခေတ်တွင်လည်း ဆက်လက်ရှင်သန်ခွင့်ပေးခဲ့သည်ဟု စိုးပိုင်စာအုပ်ဆိုင် ပိုင်ရှင် အသက် ၃၅ နှစ်အရွယ် ကိုသက်စိုးပိုင်က ဆိုသည်။

ဒစ်ဂျစ်တယ်အသွင် လျင်မြန်စွာကူးပြောင်းနေသော်ငြားလည်း မြန်မာနိုင်ငံတစ်ဝန်းရှိ စာအုပ်ဆိုင်များအနေဖြင့် စာအုပ်များကို ကိုယ်တိုင်ကိုယ်ကျကိုင်တွယ်ဖတ်ရှုခြင်းကို နှစ်သက်သော စာအုပ်ချစ်သူများ အခိုင်အမာရှိနေခြင်းကြောင့် ဇွဲကောင်းကောင်းဖြင့် ဆက်လက်ရပ်တည်နေနိုင်ခြင်းဖြစ်ကြောင်း ကိုသက်စိုးပိုင်က ပြောပြခဲ့သည်။

မြန်မာနိုင်ငံ စာပေထုတ်ဝေသူနှင့် ဖြန့်ချိသူများအသင်း ဥက္ကဋ္ဌ ဦးမြင့်ထွန်းက စာပေလုပ်ငန်းတွင် ကြုံတွေ့နေရသော စိန်ခေါ်မှုအချို့ကိုလည်း ရှင်းပြခဲ့သည်။ “စာအုပ်ဈေးနှုန်းကြီးမြင့်လာတာ၊ မငြိမ်းချမ်းတဲ့နယ်မြေတွေ အပါအဝင် အခြေအနေအမျိုးမျိုးကြောင့် စာအုပ်ဝယ်ယူသူဦး‌ရေ နည်းပါးလာပါတယ်” ဟု ဦးမြင့်ထွန်းက ပြောခဲ့သည်။

စာအုပ်ဖြန့်ဖြူးမှုအပိုင်းအနေဖြင့် ကိုဗစ်ရောဂါကာလမတိုင်မီနှင့် နှိုင်းယှဉ်ပါက ၃၀ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ကြောင်း၊ လက်ရှိတွင် လစဉ် စာအုပ်အမျိုးအစား ၂၀၀ ခန့် ထွက်ရှိကြောင်း ၎င်းက ဖြည့်စွက်ပြောခဲ့သည်။

မြန်မာနိုင်ငံတွင် စာအုပ်များရော အွန်လိုင်းပေါ်၌ ဒစ်ဂျစ်တယ်စနစ်ဖြင့်ဖတ်ရှုမှုပုံစံများကိုပါ လက်ခံလာကြပြီဖြစ်သလို စာအုပ်များကို စွဲစွဲမြဲမြဲ ဖတ်ရှုကြခြင်းကလည်း နိုင်ငံ၏ စာဖတ်ခြင်းယဉ်ကျေးမှု၏ နှစ်သက်မြတ်နိုးဖွယ်ကဏ္ဍတစ်ရပ်အဖြစ် ဆက်လက်တည်ရှိနေမည်ပင်ဖြစ်ပေသည်။ (Xinhua)

 

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.